၅ မတ်၊ ၂၀၂၅
အမေရိကန်အနေနဲ့ စစ်တိုက်ချင်တယ်ဆိုရင် ဘယ်စစ်ပွဲမဆို ဆင်နွဲမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားလိုက်ပါတယ်။ အဲ့ဒီပြောကြားချက်ကိုပဲ အမေရိကန်မှာ ရှိတဲ့ တရုတ်သံရုံးရဲ့ X လူမှုကွန်ရက်မှာ ပြန်လည်ဖော်ပြထားပါတယ်။
မတ်လ ၄ ရက်က တရုတ်နိုင်ငံခြားရေးဌာနမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ရဲ့ တရုတ်ပစ္စည်းများ အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးရာမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်။
“အကယ် ဖန်တနိုင်းဆေးပြဿနာကို အမေရိကန်က အမှန်တကယ် ဖြေရှင်းလိုရင် တရုတ်နဲ့ တန်းတူညီမျှဆွေးနွေးရမှာဖြစ်ပါတယ်။ တကယ်လို့ အမေရိကန်သာ စစ်ဖြစ်ချင်တယ်ဆိုရင် အကောက်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲ ဒါမှမဟုတ် ဘယ်စစ်ပွဲဖြစ်ဖြစ် ကျွန်တော်တို့က အဆုံးထိတိုက်မှာဖြစ်ပါတယ်။”လို့ Lin Jian ကပြောထားတာဖြစ်ပါတယ်။
ဖန်တနိုင်းဆေး ကိစ္စဟာ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ဖို့ တမင်လုပ်ဆောင်တာဖြစ်ပြီး တရုတ်ကတော့ တရုတ်အကျိုးစီးပွားကို ကာကွယ်ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် သူက “ခြိမ်ခြောက်အနိုင်ကျင့်ဖိအားပေးတာတွေကို တရုတ်က မကြောက်ပါဘူး။”လို့ လည်းပြောခဲ့ပါတယ်။