၂၄ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ လက်ရှိမှာ အဆိုးရွားဆုံးအဆင့်နဲ့ အန္တရာယ်ရှိတဲ့ အခြေအနေထိ ရောက်ရှိလာနေပြီ ဖြစ်တယ်လို့ လေထုအရည်အသွေး အညွှန်းကိန်းတွေကို ဖော်ပြနေတဲ့ IQ Air ရဲ့ ယမန်နေ့ ညနေပိုင်း ဖော်ပြချက်အရ သိရပါတယ်။
IQ Air ရဲ့ တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့များစာရင်းထဲမှာ အဆင့် ၄ နေရာအထိ တက်ရောက်ခဲ့ပြီး AQI တန်ဖိုး ၁၂၀ အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီအဆင့်ဟာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါရှိသူတွေလို ကျန်းမာရေးထိခိုက်လွယ်တဲ့ အုပ်စုတွေအတွက် အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။
နေ့ခင်းပိုင်းမှာ ကမ္ဘာ့အဆင့် ၁၁ နေရာသာ ရှိခဲ့တဲ့ ရန်ကုန်မြို့ရဲ့ လေထုအခြေအနေဟာ ညနေပိုင်းအချိန်မှာ အဆင့် ၄ နေရာအထိ မြင့်တက်လာခဲ့တာကြောင့် လေထုညစ်ညမ်းမှုက လျင်မြန်စွာ ဆိုးရွားလာနေတယ်ဆိုတာကို ထင်ရှားစွာ ပြသနေပါတယ်။
IQ Air ရဲ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လက်ရှိ လေထုညစ်ညမ်းမှုအခြေအနေဟာ မွမ်ဘိုင်း၊ ဂျကာတာ၊ ဘန်ကောက်၊ ပေကျင်းလို လူဦးရေထူထပ်ပြီး လေထုညစ်ညမ်းမှုများတဲ့ မြို့ကြီးတွေထက်ပါ ပိုမိုဆိုးရွားလာနေတယ် လို့ သိရပါတယ်။
လေထုညစ်ညမ်းစေတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ လမ်းမပေါ် သွားလာနေတဲ့ မော်တော်ယာဉ်များက ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ၊ PM2.5 နဲ့ PM10 လို အသေးစားအမှုန်အမွှားတွေ ပါဝင်ပြီး ဒီအမှုန်အမွှားတွေဟာ လူ့အသက်ရှူလမ်းကြောင်း၊ နှလုံးနဲ့ အဆုတ်ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အရာများ ဖြစ်ပါတယ်။
AQI သတ်မှတ်ချက်အရ ၁၀၁ မှ ၁၅၀ အတွင်းဟာ ထိခိုက်လွယ်သူများအတွက် မကောင်းတဲ့ အဆင့်ဖြစ်ပြီး၊ လက်ရှိ ရန်ကုန်မြို့ရဲ့ AQI ၁၂၀ ဟာ ကျန်းမာရေးအန္တရာယ် စတင်ဖြစ်ပေါ်နိုင်တဲ့ အဆင့် ဖြစ်ပါတယ်။
ဒီလို အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုအခြေအနေကို ပြည်သူတွေ တိုက်ရိုက် ခံစားနေရတဲ့အချိန်မှာတောင် စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနဘက်က တရားဝင် သတိပေးချက်၊ ကာကွယ်ရေးအကြံပြုချက်တွေကို ထုတ်ပြန်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။
ကျန်းမာရေးထိခိုက်နိုင်တဲ့ ဒီလိုအခြေအနေမှာ ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ အပြင်ထွက်ချိန် Mask တပ်ဆင်ခြင်း၊ မလိုအပ်ဘဲ အပြင်မထွက်ခြင်း စတဲ့ ကိုယ်တိုင်ကာကွယ်မှုတွေကို အထူးဂရုပြုလုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ဓါတ်ပုံ – AFP


