Homeပြည်တွင်းသတင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးကို သုံ့ပန်းအဖြစ် AA ထိန်းသိမ်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးကို သုံ့ပန်းအဖြစ် AA ထိန်းသိမ်း

၂၀ ဒီဇင်ဘာ၊ ၂၀၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၂၀ ရက် ဒီနေ့နေ့လည်မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်းနဲ့ နပခကို ကွပ်ကဲနေတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းဆီးရမိပြီး သုံ့ပန်းအဖြစ် ထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၄ ရက်ဆက်တိုက် အလင်းဝင်လာပြီး ဌာနချုပ်နဲ့ အမ်းမြို့တစ်မြို့လုံးကို သိမ်းပိုက်ထိန်းသိမ်းထားနိုင်ပြီလို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုအရှင်ဖမ်းဆီးရရှိထားတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက နပခ ဒု တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဟာ တပ်မ ၈၈ ရှိတဲ့ မကွေးမြို့ကို ထွက်ပြေးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး အခု ဌာနချုပ်ကို သိမ်းပိုက်ချိန်မှာ အာရက္ခတပ်တော် AA က လက်ရဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

အမ်းမြို့တစ်မြို့လုံး စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် မီးလောင်နေကြောင်းနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က လိုက်ပြီး ရှာဖွေဖမ်းဆီးနေကြောင်း သိရပါတယ်။

စစ်ကောင်စီဟာ နပခကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA တပ်တော်က ကယ်တင်ထားကြောင်း ရုပ်သံမှတ်တမ်းတခု ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

ပုံစာ – နပခ ဌာနချုပ် မီးလောင်နေစဉ်

Photo – AA info desk

ဆက်စပ် သတင်းများ

Most read