Homeပြည်တွင်းသတင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့ တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကော်မရှင်ဆို

အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့ တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကော်မရှင်ဆို

၂၁ ဇန်နဝါရီ ၂၀၂၆

အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့ တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်အသိပေးလာပါတယ်။

စစ်ကော်မရှင်နဲ့ ထုတ်ပြန်ချက်အရ ပြစ်မှုကျုးလွန်သူကို တောင်ကြီးမြို့ အမှတ် ၁ နယ်မြေရဲစခန်းမှာ ဇန်နဝါရီ ၁၈ ရက်က ဖမ်းဆီးထားပြီး၊ ကျူးလွန်ခံရသူကိုတော့ ကာယကံရှင်ရဲ့ ဆန္ဒအရ ပြင်ပဖြေအဖြစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားတယ်လို့ဆိုပါတယ်။

“ဖြစ်တာကလည်း သမီးတို့သူငယ်ချင်း ပါ။ ဖြစ်ပုံက ၁၅ ရက်နေ့ မနက်ပိုင်းကျောင်းသွားတည်းက သူငယ်ချင်းက နေမကောင်းပါဘူး။ မနေ့ညက သမီးတို့အကုန်မနက် ၃ နာရီအထိ စာလုပ်ထားတော့ မနက်ကျောင်းသွားတော့ ခေါင်းမူးပြီး သူက နေလို့အဆင်မပြေဘူး။ နေ့ လယ် ထမင်းစားဆင်းရင်အဆောင်ဘက်ပြန် ပြီး နေ့တစ်ပိုင်းလောက် ပြန်အိပ်မှရမယ်ဆိုပြီး သမီးတို့ကိုပြောတယ်။ ဖြစ်သွားတာကလည်း သူ အဲဒီပြန်တဲ့အချိန် သူ့ကိုပိုက်ဆံသိန်း ၂၀ လည်းတောင်းပါတယ်။ ပြီးတော့ ဓာတ်ပုံတွေ ရောအတင်းရိုက်ပြီးသားမယားပြုကျင့်တာပါ။သူငယ်ချင်းက စတည်းက နေလည်းမကောင်းတာမို့ ဒီလိုဖြစ်တဲ့ချိန်မှာ ဘယ် လောက်အထိ ခံစားနေရမယ်ဆိုတာ ပြောတောင်မပြတတ် တော့ဘူး။ ညနေကျောင်းဆင်းသမီးတို့ ပြန်လာတဲ့အချိန်မှာ ကုတင်အောက်လေးမှာ အိမ်ပြန်ချင်တယ်။ ကြောက်တယ်ဆိုပြီး တစ်ကိုယ်လုံးတုန်ပြီး အဲ့စကားတွေပဲ အထပ်ထပ်ပြောပြီးငိုနေတာ သမီးတို့ဆို ဘာမှမသိသေးတာတောင် သူ့ပုံစံကိုမြင်ပြီး သနားလို့ မျက်ရည်တွေပါကျတယ်”လို့ အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူတဦးက လူမှုကွန်ရက်တွင် မျှဝေရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားပြီး နောက်မှာတော့ ဖြစ်စဉ်ကြောင့် အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာဆက်မသင်ကြားချင်တော့တဲ့ ကျောင်းသား/သူတွေ ရှိနေတာကြောင့် စာမေးပွဲဖြေဆိုမယ့်ရက်လည်း နီးကပ်လာတာကြောင့် အခက်အခဲမဖြစ်ပေါ်စေရေး တခြားသော ကိုယ်ပိုင်အထက်တန်းကျောင်းတွေက စီစဉ်ပေးနေပါတယ်။

‌အခမဲ့ ပညာသင်ကြားပေးဖို့ ခေါ်ယူနေတဲ့ ကိုယ်ပိုင်ကျောင်းတွေကတော့ Future Star ကိုယ်ပိုင်ကျောင်း၊ ပညာအဓိကကိုယ်ပိုင်ကျောင်းနဲ့ Diamond Hill Academy ကိုယ်ပိုင်ကျောင်းနဲ့ တောင် တန်းချယ်ရီကိုယ်ပိုင်ကျောင်းတွေက ခေါ်ယူနေတာဖြစ်ပါတယ်။

အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းအုပ်ရဲ့သားဖြစ်သူ ကျောင်းဆရာအဖြစ်လည်း လုပ်ကိုင်နေတဲ့ ဇာနည်သွေး အသက် ၂၉ နှစ်ဟာ Grade 12 ကျောင်းသူတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာကြောင့် ဇန်နဝါ ရီလ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူတွေကလည်း ကလေးတွေကို ပြန်လည်ခေါ်ယူခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ-Our Taunggyi

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး