၂၈ အောက်တိုဘာ၊ ၂၀၂၄
၁၀၂၇ နှစ်ပတ်လည်မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တို့က အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်ဆောင်တော့မယ့်အကြောင်းကို အသီးသီး ကြေညာခဲ့ကြပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခက “ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေ ကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေး တွေဖော်ဆောင်လာ နိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင် အသိပေးခဲ့ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ကလည်း တပ်ဖွဲ့ဝင်တချို့ စစ်ကိုင်းမှာ အခြေချနေပြီ ဖြစ်ကြောင်း သတင်းဌာနတွေကို အတည်ပြုခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ လှုပ်ရှားတဲ့ PLA တပ်ရင်းတွေ အစောပိုင်းထဲက ရှိနေပြီး စက်တင်ဘာလကုန်ပိုင်းက စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ကြောင်းလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ဘုတလင်တိုက်ပွဲမှာ PLA ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းမြောက်တိုက်ပွဲတွေက ပြန်လာတဲ့ အောင်ပွဲရ PLA တပ်ဖွဲ့ဝင်တွေကို အညာလူထုက ကြိုဆိုခဲ့ ကြပါတယ်။ BPLA ၊ PLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တချို့ဟာ ကိုးကန့်တပ် (MNDAA) ရဲ့ ဦးဆောင်မှု အောက်မှာ တပ်မဟာ ၆၁၁ အဖြစ် စစ်ရေးလေ့ကျင့်သင်ကြားခဲ့ကြပြီး ၁၀၂၇ စစ်ဆင်ရေး စစချင်းတိုက် ပွဲတွေမှာကတည်းက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်မပြည့်ခင်မှာပဲ MNDAAဟာ အထူးဒေသ ၁ ကိုပဲ ကာကွယ်မှာ ဖြစ်ပြီး NUG အပါအဝင် PDF တပ်တွေနဲ့ အတူ တိုက်ပွဲဆက်ပြီး ဆင်နွှဲမှာ မဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။
လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနဲ့ စီးပွားရေးမှာ ကိုးကန့်ဟာ တရုတ်အပေါ်မှာ မှီခိုအားထားနေရတာပါ။ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၃၈ မြို့အထိ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့ လွတ် မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဗမာအမျိုးသား တော် လှန်ရေးတပ်မတော် (BNRA)၊ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)၊ ဒေသအခြေစိုက်ကာ ကွယ်ရေး တပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တို့လည်း ပူးပေါင်းတိုက် ခိုက်တာ ဖြစ်ပါတယ်။
Photo – BPLA ၊ PLA