ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရတဲ့ ကျားဖောင်တွေ ပေါ်မှာ အခုလတ်တလော လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဦးခင်ဇော်လို နှိပ်စက်ခံရမှုတွေဟာ အများအပြားရှိနေပြီး လူမသိ သူမသိသေဆုံးသွားသူတွေလည်းရှိတယ်လို့ ကျားဖောင်လုပ်ငန်းနဲ့ နီးစပ်သူတွေထံက New Day Myanmar က စုံစမ်းသိရပါတယ်။
ကျားဖောင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရသူတွေဟာ ပင်လယ်ပြင်မှာ လုပ်ကိုင်ရတဲ့ ကျားဖောင် လုပ်ငန်းကို နားမလည်ဘဲ သာမာန်ငါးဖမ်းလုပ်ငန်း တခုအဖြစ်သာ နားလည်ကြတယ်လို့ ဆိုပါတယ်။ အများစုဟာ မြန်မာပြည်အလယ်ပိုင်း ဒေသနဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ မွန်ပြည်နယ်တွေကဖြစ်ကြပြီး သူတွေကို လိမ်လည်ပြီး အလုပ်ခေါ်ကြတာဖြစ်တယ်လို့လည်း ကျားဖောင်လုပ်ငန်းအတွက် ကိုယ်တိုင် လူရှာပေးခဲ့ဖူးသူ တွေက ပြောပါတယ်။
“အချို့ဆို မိသားစုလိုက်ပါတယ်။ ဆွယ်တဲ့ နည်းကတော့ ငွေကြိုထုတ်ပေးမယ်ပေါ့၊ ယောက်ကျားက ကျားဖောင်လိုက်ရင် မိန်းမက ငါးဒိုင်ဖြစ်ဖြစ် လယ်ထဲပဲ ဖြစ်ဖြစ် လုပ်ပြီး ၂ ယောက်လုံး အလုပ်ရနိုင်တယ်ဆိုပြီး လာကြတာတွေလည်းရှိတယ်။”လို့ ကိုယ်တိုင်လူရှာပေးခဲ့ဖူးသူ တဦးက New Day Myanmar ကိုပြောပါတယ်။
ကျားဖောင်လုပ်ငန်းတွေဟာ ဧရာ၀တီတိုင်း ဖျာပုံဒေသက၊ ဒေါ်ညိမ်း၊ ခါးပြက်၊ အရှေ့ဖျား၊ နောက်မှီး အစရှိတဲ့ ဒေသတွေကနေ မွန်ပြည်နယ် ရေးမြို့နယ်အထိ မြန်မာပင်လယ်ကမ်းရိုးတန်း တလျောက် လုပ်ကိုင်ကြတာဖြစ်ပါတယ်။
“ကျားဖောင်ပေါ်မှာက လနဲ့ချီပြီး နေထိုင်လုပ်ကိုင်ကြရတယ်။ ကမ်းပြန်ကပ်လို့မရဘူး။ ရိက္ခာပို့တဲ့ သင်္ဘောက ၂ ပတ် ၁ ခါ တလ တခါလောက် လာတယ်။ မလာတော့လည်း အချို့ သင်္ဘောတွေနဲ့ တွေရင် ဖမ်းမိတဲ့ ငါးတွေ နဲ့ ကုန်ချင်းလဲလှယ်စားကြတာပေါ့။ ကျားဖောင် လိုက်တဲ့ သူတွေရဲ့ နောက်ပြဿနာ တခုက ပင်လယ်ထဲမှာ အသီးအရွက်တွေ မစားရတော့ ဗီတာမင်ချို့တဲ့ ပြီး ဖောပြီး သေကြတာရှိတယ်။ နောက်ပြီး နှိပ်စက်ခံရပြီး သေရတာတွေရှိတယ်။”လို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ တဦးကပြောပါတယ်။
အသီးအရွက်မစားရလို့ ဗီတာမင်ချို့တဲ့ မှုကိုတော့ အချို့ကျားဖောင် လုပ်ငန်းရှင်တွေက ဆေးဝါးတွေ စီစဉ်ပေးတတ်ကြပေမယ့် လုပ်ငန်းရှင်အများစုကတော့ ဆေးဝါးတွေ စီစဉ်ပေးတာမရှိပါဘူး။
ကျားဖောင်လုပ်ငန်းတွေဟာ ပွင့်လင်းရာသီမှာ စတင်ထွက်ခွာကြပြီး မိုးကျခါနီးအချိန် ဧပြီလ လောက်မှာ ကမ်းပြန်ကပ်လေ့ရှိပါတယ်။ အဲ့ဒီအချိန်ကြရင် ကျားဖောင်လုပ်သားတွေဟာ အိမ်ပြန်ကြလေ့ရှိပြီး ၄ လစာ လောက်ရှိတဲ့ လုပ်ခလစာရရှိကြတယ်လို့ ဆိုပါတယ်။ ၁ လ လုပ်ခလစာကတော့ ကျပ် ၂ သိန်းဝန်းကျင်လောက်ရှိကြတယ်လို့ ဆိုပါတယ်။
ကျားဖောင် တခုပေါ်မှာ ကျားဖောင် လုပ်သား ၃ ဦးခန့်ပါလေ့ရှိပြီး ဖောင်ဦးစီး(ဖောင်သူကြီး) တဦး ရှိပါတယ်။ ကျားဖောင်တွေပေါ်မှာ ဦးဆောင်တဲ့ သူက ငြင်းပန်းနှိပ်စက်လို့ သေဆုံးတာတွေ လည်း အများအပြားရှိသလို၊ အချင်းချင်း လုပ်ကြံသတ်ဖြတ်တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိုက်ထောင်ရင် ငြိပြီး မျောပါသေဆုံးကြသလို ညပိုင်းမှာ သင်္ဘောတချို့ နဲ့ တိုက်မီပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ကျားဖောင် တခုနဲ့ တခုကို လည်း ကြိုးနဲ့ ချိတ်ဆွဲထားတာမျိုးရှိပြီး ကျားဖောင်လုပ်သားတွေဟာ အနီးအနား ကျားဖောင်တွေကို ကြိုးတွေကနေ တဆင့် ပင်လယ်ထဲ က ဖြတ်ကူးသွားလေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ကျားဖောင်ကို ပဲ ကိုယ်ပြန်လာနေရတာပါ။ ဖောင်ဦးစီး(ဖောင်သူကြီး) နှိပ်စက်လည်း ပြန်လာရတာပါပဲ။ ဖောင်ဦးစီး(ဖောင်သူကြီး) တွေဟာ လုပ်သားတွေကို ပြင်းပြင်းထန်ထန် ခိုင်းစေတာတွေ နေ့ မနား ညမအိပ်လုပ်ခိုင်းတာတွေရှိပါတယ်။
ကိုယ်တိုင်ကြုံတွေဖူးသူတွေကတော့ ကျားဖောင် လုပ်ငန်းတွေဟာ တကယ်ကို ငရဲခန်းတမျှ ပင်ပန်းဆင်းရဲကြောင်းပြောကြပါတယ်။ အချို့တွေက မသေပေမယ့် ဒဏ်ရာတွေနဲ့ ပြန်လာကြသူတွေလည်းရှိပါတယ်။ တကယ်လို့ နှိပ်စက်ခံရတာပဲဖြစ်ဖြစ်၊ သတ်ဖြတ်ခံရတာပဲဖြစ်ဖြစ် ကျားဖောင်ကမ်းပြန်ကပ်ချိန်ရောက်လို့ ကိုယ်မိသားစု ကိုယ်ယောက်ကျား ပြန်မပါလာတဲ့ အခါမေးမြန်းရင်တော့ ပင်လယ်ထဲ ပြုတ်ကျသွားတယ်လို့ ပဲ ဖြေကြတာများတာဖြစ်ပါတယ်။
ဒီလို ကိစ္စတွေကို ဖြေရှင်းဖို့က အခုချိန်မှာတော့ အဖြေမဲ့နေဆဲပါ။ နည်းလမ်းစနစ်တကျ ကိုင်တွယ်ဖို့ အတွက်လည်း ဘယ်အဖွဲ့အစည်းကမှ လုပ်ဆောင်ခဲ့တာတွေ မရှိသလို အခုချိန်အထိ ကျားဖောင်လုပ်သား ဘယ်နှယောက် ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်ခံရတာ သတ်ဖြတ်ခံရတယ်ဆိုတာ မသိရပါဘူး။ ကျားဖောင်လိုက်သွားတဲ့ သူတွေရဲ့ မိသားစုတွေကတော့ ကျားဖောင်ကမ်းပြန်ကပ်တဲ့ သူတို့ရဲ့ ခင်ပွန်း၊ ဖခင်တွေ ကို အကောင်းအတိုင်းပြန်တွေ့ရဖို့ကို ဆုတောင်းနေကြရတော့တာပဲလို့ ပြောကြပါတယ်။
By New Day Myanmar


