Homeပြည်တွင်းသတင်းအဆိုတော်ရှင်မင်းမြတ် မူဆယ်မှာ ပြန်ပေးဆွဲခံရ၊ ပွဲတက်ဖို့ လိမ်ခေါ်ခဲ့တာလို့ ဆို

အဆိုတော်ရှင်မင်းမြတ် မူဆယ်မှာ ပြန်ပေးဆွဲခံရ၊ ပွဲတက်ဖို့ လိမ်ခေါ်ခဲ့တာလို့ ဆို

၁၆ ဇန်နဝါရီ ၂၀၂၆

အဆိုတော်ရှင်မင်းမြတ်ဆိုသူအမျိုးသားကို ပွဲတက်ဖို့ မူဆယ်မြို့ကိုလိမ်လည်ဖိတ်ခေါ်ခဲ့ရပြီးနောက် ကျပ်သိန်း ၆၀၀၀ နဲ့ ပြန်ပေးဆွဲခံခဲ့ရကြောင်း မနေ့က ဇန်နဝါရီ ၁၅ ရက်မှာ ၎င်းကိုယ်တိုင် သူ့ရဲ့လူမှုကွန် ရက်စာမျက်နှာကနေ ရေးသားမျှဝေထားပါတယ်။

သူဟာ Underground to stage မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး၊ လက်ရှိမှာတော့ ပြန်ပေးအဖွဲ့ဟာ ကျပ်သိန်း ၃၀၀၀ ရယူကာ လမ်းခုလတ်မှာ စွန့်ပစ်ခဲ့တာကြောင့် လွတ်မြောက်လာတယ်လို့ ဆိုထားပါတယ်။

သူ့ကို မူဆယ်မှာ ပွဲရှိတယ်လို့ဆိုကာ နေအိမ်အထိ လာရောက်ငှားရမ်းခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ ရန်ကုန်ကနေ မန္တလေးကို လေယာဥ်လက်မှတ်ဖြတ်ပေးခဲ့ပြီး မူဆယ်အထိ ကားနဲ့လာရောက် ခေါ်ဆောင်ကာ ဟိုတယ်တစ်ခုမှာ တည်းခိုစေခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် ညနေပိုင်းအချိန်မှာ ဟိုတယ်ကနေ ပွဲကျင်းပတဲ့နေရာကို ကြည့်ဖို့ခေါ်သွားမယ်လို့ဆိုပြီး ကားပေါ်မှာအမည်မသိလူတစ်စုက မျက်နှာကို အဝတ်မည်းနဲ့ အုပ်ပြီး ပြန်ပေး‌ဆွဲငွေ ကျပ်သိန်း ၆၀၀၀ စတင် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အမျိုးမျိုးခြိမ်းခြောက်ရိုက်နှက်ပြီးနောက် ပြန်ပေးအဖွဲ့ဟာ သူတို့တောင်းယူတဲ့ ငွေကျပ် သိန်း ၆၀၀၀ ကို မရနိုင်တော့ကို သိရှိပြီးနောက်မှာတော့ ကျပ်သိန်း ၅၀၀၀ အထိ လျှော့ချပြီး မိသားစုနဲ့ မိတ်ဆွေတွေဆီကနေ ချေးယူခိုင်းခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီ ကျပ်သိန်း ၅၀၀၀ ကိုလည်း မရနိုင်တဲ့အဆုံး ရိုက်နှက်ကန်ကျောက်ပြီး ကျပ်သိန်း ၃၀၀၀ အထိ ထပ်မံလျော့ချပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာ အဆိုတော် ရှင်မင်းမြတ်ရဲ့ ဘဏ်အကောင့်တွေကို အသုံးပြုကာ မိတ်ဆွေတွေဆီကနေ ချေးယူစေခဲ့ပြီး သူ့ရဲ့ဝတ်လစ်စလစ်ဗီဒီယိုကို ရိုက်ကူးခဲ့ကာ ပြန်ပေးဆွဲငွေတောင်းတဲ့ ဖြစ်စဥ်ကို တိုင်ကြားရင် ဒီဗီဒီယိုကို ဖြန့်ပစ်မယ့်လို့ ခြိမ်းခြောက် ခံထားရတယ်လို့ သိရပါတယ်

နောက်ဆုံး ပြန်ပေးဆွဲသူတွေဟာ ငွေကျပ်သိန်း ၃၀၀၀ ရရှိခဲ့ပြီးနောက် မူဆယ်က လမ်းကြားတစ်နေရာမှာ ကားနဲ့ စွန့်ပစ်ထားခဲ့ပြီး မန္တလေးမြို့မှာ ဆေးကုသခံနေရတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

လတ်တလော ရဲတပ်ဖွဲကို အမှုဖွင့်တိုင် ကြားထားတယ်လို့ သိရပြီး၊ စစ်ကော်မရှင်အာဏာသိမ်းကာလအတွင်း လူသတ်မှု၊ ပြန်ပေးမှုနဲ့ အခြားပြစ်မှုကြီးတွေကို ကိုင်တွယ်ဖြေရှင်းဖော်ထုတ်ပေးတာမျိုးတွေ မရှိခဲ့ပါဘူး။

သူတို့ရဲ့ ဥပဒေသက်ရောက်မှုဟာလည်း အောက်ဆုံးအဆင့်ရောက်ရှိနေပြီး ပြည်သူက ကိုယ်လုံခြုံရေး ကိုယ်တာဝန်ယူနေရတဲ့ အခြေအနေမျိုး ရောက်ရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ- Shin Min Myat

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး