၂၅ အောက်တိုဘာ၊ ၂၀၂၄
အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့ နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီခွဲမှာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးရတဲ့အကြောင်းရင်း မဖော်ပြထားပါဘူး။ ဒေါက်တာနေစိုးမောင်ကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အောက်တိုဘာလ ၁၃ ရက်ကတည်းက စစ်ကောင်စီဝါဒဖြန့် စွမ်းရည်ထက်ဆိုတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုမှာ သတင်းဖြန့်ထားပါတယ်။
ဒေါက်တာနေစိုးမောင်ကို NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်ကနေ အပြန်မှာ ဖမ်းဆီးတယ်လို့ ဒီတယ်လီဂရမ်သတင်းမှာ ဖော်ပြပါတယ်။ ဒီသတင်းမှာ မန္တလေးကျုံးဘေးမှာ လမ်းလျှောက်နေတဲ့ ဒေါက်တာနေစိုးမောင်ရဲ့ ဓာတ်ပုံ ၊ ဒေါက်တာနေစိုးမောင်ရေးသားထားတဲ့ လူမှုကွန်ယက်က ပို့စ်တစ်ခုကို screenshot ယူပြီး ပူးတွဲ ဖော်ပြထားပါတယ်။
ဒီပို့စ်မှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်ထက်မှာ မန္တလေးမြို့ကြီးSmart City ဖြစ်အောင် ကြိုးပမ်းခဲ့တာ ၊ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်တာတွေကိုလေးစားသမှုနဲ့ ဂါရဝပြုတဲ့အကြောင်း လူမှုကွန်ယက်မှာ ရေးသားထားတာပါ။ ဒေါက်တာနေစိုးမောင် လူမှုကွန်ယက်အသုံးပြုမှုဟာ အောက်တိုဘာ ၁၁ မှာ နောက်ဆုံး ဖြစ်ပါတယ်။
စစ်ကောင်စီကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဖမ်းဆီးချိန်က ဒေါက်တာနေစိုးမောင်ကိုပါ ဖမ်းဆီးဖို့ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက လှုံ့ဆော်ခဲ့ပါတယ်။ စစ်ကောင်စီ ဝါဒဖြန့်နာမည်ကြီးချန်နယ် ဟန်ငြိမ်းဦးမှာလည်း ဒေါက်တာနေစိုးမောင်ဟာ စစ်တပ်ဆန့်ကျင်သူတွေကို အားပေးထောက်ခံတဲ့အတွက် ဖမ်းဆီးထောင်ချဖို့ ရေးသားဖူးပါတယ်။
စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး၊ တပ်မတော်ဆေးတက္ကသိုလ်မှာလည်း ကထိကဖြစ်ခဲ့သူဒေါက်တာနေစိုးမောင်က ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုဖူးပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါက်တာနေစိုးမောင်ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ လူမှုကွန်ယက်မှာ ဖော်ပြဖူးပါတယ်။
Photo – Screengrab