Homeပြည်တွင်းသတင်းအင်းစိန် ရွာမသံမဏိစက်ရုံကွေ့မှာ ချည်လုံးတင် တွဲကားတိမ်းမှောက်၊ ယာဉ်သုံးဆင့်တိုက်မှုဖြစ်

အင်းစိန် ရွာမသံမဏိစက်ရုံကွေ့မှာ ချည်လုံးတင် တွဲကားတိမ်းမှောက်၊ ယာဉ်သုံးဆင့်တိုက်မှုဖြစ်

၅ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမသံမဏိစက်ရုံကွေ့မှာ ချည်လုံးတွေတင်လာတဲ့ တွဲကားတစ်စီး တိမ်းမှောက်ပြီး ဆိုင်ကယ်နဲ့ Light truck ပါဝင်တဲ့ ယာဉ်သုံးဆင့်တိုက်မှု တစ်ခု ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် ညနေ ၃ နာရီခွဲလောက်က ဖြစ်ပွားခဲ့ပါတယ်။

ရွှေပြည်သာစက်မှုဇုန်ကို ချည်လုံးတွေ ပို့ဆောင်မယ့် တွဲကားက ကွေ့နေရာမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာကနေ လမ်းတလျှောက် အရှိန်နဲ့ တရွတ်တိုက်ပြီး ရှေ့မှာသွားနေတဲ့ ဆိုင်ကယ်နဲ့ Light truck ကို ဝင်တိုက်မိတာဖြစ်တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်သူတစ်ဦးက ပြောပါတယ်။

“တွဲကားက အရှိန်မထိန်းနိုင်ဘဲ မှောက်သွားပြီး ဆိုင်ကယ်နဲ့ Light truck ကို ဆက်တိုက် ဝင်တိုက်တာပါ။ တွဲကားယာဉ်မောင်းက ဒဏ်ရာရတယ်၊ တခြားထိခိုက်သေဆုံးမှုတော့ မရှိပါဘူး” လို့ သူက ဆိုပါတယ်။

ဖြစ်စဉ်အတွင်း ဆိုင်ကယ်သမားက အချိန်မီ လွတ်အောင်ရှောင်နိုင်ခဲ့ပေမယ့် ဆိုင်ကယ်ကတော့ တွဲကားအောက်မှာ ပိနေခဲ့ပြီး Light truck ယာဉ်ကလည်း ရှေ့က သစ်ပင်နဲ့ တိုက်မိခဲ့တယ်လို့ သိရပါတယ်။ သို့သော် ယာဉ်တိမ်းမှောက်သွားတဲ့အထိ အခြေအနေမရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

မြေပြင်မှာ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ကလည်း “လူထိခိုက်ဒဏ်ရာရသူတစ်ဦးရှိပြီး တွဲကားယာဉ်မောင်းဖြစ်ပါတယ်။ ဆိုင်ကယ်သမားက ကံကောင်းလို့ အောက်မရောက်ခဲ့တာပါ၊ Light truck ကလည်း သစ်ပင်နဲ့ ခံလိုက်လို့ မမှောက်ပါဘူး” လို့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ တွဲကားယာဉ်မောင်းကို ဒေသခံ လူမှုကူညီရေးယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ထားပြီး ယာဉ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး