၂၂ ဖေဖော်ဝါရီ ၂၀၂၆
အင်းစိန်အကျဉ်းထောင်အတွင်း သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦးကို လွန်ခဲ့တဲ့ သုံးလခန့်ကစပြီး နေ့စဉ်လိုလို ရိုက်နှက်နှိပ်စက်ညှင်းပန်းနေကြောင်း သိရပါတယ်။
နှိပ်စက်ခံနေရသူတွေထဲမှာ ကိုအောင်ဇေယျ၊ ကိုဖြိုးကိုကိုတို့ ပါဝင်ပြီး ထောင်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတစ်ခုကို အကြောင်းပြကာ တိုက်ပိတ်ထားပြီး ဆက်တိုက် ရိုက်နှက်နေတယ်လို့ ဆိုပါတယ်။
ဒဏ်ရာတွေ ပြင်းထန်လာတဲ့အခါ ဆေးရုံကို ခဏပို့ပေးပေမယ့် ဆေးရုံက ပြန်ဆင်းလာတာနဲ့ တိုက်ထဲ ပြန်ပိတ်ပြီး ထပ်မံ ရိုက်နှက်ညှင်းပန်းတာတွေ ဆက်လုပ်နေတယ်လို့ Rangoon Scout Network ကနေ သိရပါတယ်။
ဒီလို နှိပ်စက်ညှင်းပန်းမှုတွေမှာ အင်းစိန်ထောင် ဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူရအောင်နဲ့ ရာဇဝတ်အကျဉ်းသား တရုတ်ဆိုသူတို့က တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိအခြေအနေအရ အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ အခြေအနေရှိနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ လိုအပ်နေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။


