၂ မတ် ၂၀၂၆ | New Day Myanmar
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ၅၂(က) တို့နဲ့ အစွဲခံပြီး ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကော်မရှင်က ဒီနေ့ မတ်လ ၂ ရက်မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အမိန့်အမှတ် (၈/၂၀၂၆) နဲ့ အကျဉ်းသား စုစုပေါင်း ၇,၃၃၇ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပြီး အဲ့ဒီထဲမှာ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်လာတာဖြစ်ပါတယ်။
ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲတဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သလို ပုဒ်မ ၅၂(က) ကတော့ အဲ့ဒီအဖွဲ့အစည်းတွေ နဲ့ ဆက်သွယ်မှု၊ ပါဝင်မှုတွေကို အရေးယူတဲ့ ပုဒ်မဖြစ်ပါတယ်။
အခုလွတ်ငြိမ်းခွင့်ဟာရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ ပြစ်ဒဏ်လျှော့ပေါ့ပေးတာသာဖြစ်ပြီး နောက်တစ်ကြိမ် ပြစ်မှုထပ်မံဖြစ်ရင် ယခုလျှော့ပေါ့ပေးထားတဲ့ ပြစ်ဒဏ်တွေကိုပါ ပေါင်းပြီး ပြန်လည်ကျခံရမယ့် ကန့်သတ်ချက်နဲ့ လွှတ်ပေးထားတာဖြစ်ပါတယ်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အရှေ့မှာတော့ လွတ်ငြိမ်းခွင့်စာရင်းထဲ မပါဝင်သေးတဲ့ မိသားစုဝင်တွေက ဆက်လက် စောင့်ဆိုင်းနေကြရပြီး နိုင်ငံရေးအကျဉ်းသား အများစုဟာ ထောင်တွင်းမှာ ဆက်လက် ကျန်ရှိနေဆဲဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးခဲ့တယ်ဆိုပေမယ့် ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တွေ နဲ့ မတရားဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးတာ မဟုတ်တာကြောင့် စစ်မှန်တဲ့ စေတနာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
လွတ်မြောက်လာသူတချို့အတွက် ဝမ်းသာစရာဖြစ်ပေမယ့် ဥပဒေရေးရာ ခြိမ်းခြောက်မှုတွေ ဆက်လက်ကျန်ရှိနေသေးတာကြောင့် လွတ်လပ်ခွင့်ကို အပြည့်အဝ မရရှိသေးဘူးလို့လည်း သုံးသပ်ကြပါတယ်။
ဓါတ်ပုံ – PPNM


