Homeပြည်တွင်းသတင်းအကျဉ်းထောင်တွေအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိလာ

အကျဉ်းထောင်တွေအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိလာ

၈ အောက်တိုဘာ၊၂၀၂၄

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ကာလအတွင်း အကျဉ်းထောင်တွေအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့အထိ AAPPက ကောက်ယူထားတဲ့စာရင်းတွေအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်း နှစ်သောင်းကျော် (၂၁၀၂၁ ဦး) ဖမ်းဆီးထိန်း သိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၄၈၄ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရ ဆဲဖြစ် တယ်လို့လည်း သိရပါတယ်။

အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေရဲ့ နေထိုင်စားသောက်မှု သန့်ရှင်းတဲ့ရေ လုံလောက်စွာရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှု စတဲ့ ကဏ္ဍစုံကို ဆောင်ရွက်ပေးဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်နေတဲ့အတွက် အကျပ်အတည်းအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ နစ်နာခံစားနေရတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်နဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းတို့ဟာ ထောင်တွင်း ကျန်းမာရေးအအခြေဆိုးရွားခဲ့ပြီး လုံလောက်တဲ့ ဆေးကုသခွင့်တွေ မရခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေါက်တာဇော်မြင့်မောင် ဆေးရုံ၌ သတိလစ်မေ့မြောနေချိန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက ထောင်မှလွှတ်ပေးသည်ဟုဆိုကာ ထုတ်ပြန်ချက်ကို လာရောက် ဖတ်သွားခဲ့ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

AAPP အနေနဲ့ အကျဉ်းထောင်တွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု ရရှိသည် အထိ ဆက်လက်ကြိုးပမ်းမှာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးဖို့ တောင်း ဆိုတယ်လို့လည်း ဆိုထားပါတယ်။

Photo – AAPP

ဆက်စပ် သတင်းများ

Most read