Homeပြည်တွင်းသတင်းအကျဉ်းထောင်တွေမှာ ဆေးဝါးလုံလုံလောက်လောက်ကုသဖို့နဲ့ မိသားစုတွေ ပေးပို့တဲ့ ဆေးဝါးတွေကို မကန့်သတ်ဖို့ PPNM တောင်းဆို

အကျဉ်းထောင်တွေမှာ ဆေးဝါးလုံလုံလောက်လောက်ကုသဖို့နဲ့ မိသားစုတွေ ပေးပို့တဲ့ ဆေးဝါးတွေကို မကန့်သတ်ဖို့ PPNM တောင်းဆို

၁၀ အောက်တိုဘာ၊ ၂၀၂၄

အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ဆေးဝါးလုံလုံလောက်လောက် ကုသပေးတာတွေမရှိသလို နိုင်ငံရေးအကျဉ်းသားတွေဆီကို ဆေးတွေပို့ရာမှာလည်း ပိတ်ပင်မှုတွေပြုလုပ်နေတာဟာ နိုင်ငံရေးအကျဉ်းသားတွေကို တဖက်လှည့်နဲ့ သတ်ဖြတ်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေကပြောပါတယ်။

အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ ၂ နှစ်အတွင်း မှာ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၀ ဦးအထိရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ စာရင်းတွေ အရသိရပါတယ်။

၂၀၂၃ ခုနှစ်က စပြီး အကျဉ်းထောင်တွေကို မိသားစုဝင်တွေက ပေးပို့တဲ့ ထောင်ဝင်စာ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တာ၊ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာ၊ အရေးပေါ် လူနာတွေကို အချိန်နဲ့ တပြေးညီ ထောင်ပြင်ပဆေးရုံတွေဆီကို ပို့ဆောင်ပြီး ဆေးဝါးကုသခွင့်မရခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၅ ဦး၊နိုင်ငံရေးအကျဥ်းသူ ၂ ဦး စုစုပေါင်း ၁၇ ဦးဟာ အကျဉ်းထောင်နဲ့ ထောင်ပြင်ပ ဆေးရုံတွေမှာသေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်ဇန်နဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာ(၇)ရက်နေ့အထိ (၁၀)လအတွင်း နိုင်ငံရေးအကျဉ်းသား(၁၁)ဦး၊နိုင်ငံရေးအကျဉ်းသူ(၂)ဦး၊ စုစုပေါင်း(၁၃)ဦးတို့ ဟာလည်း ထောင်တွင်း ဆေးဝါး လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့တယ်ဆိုပါတယ်။

အဲ့ဒီထဲမှာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။

“အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မပေးနိုင်တဲ့ အပြင် ပြင်ပက မိသားစုတွေ ပေးပို့တဲ့ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်နေခြင်းဟာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို တဖက်လှည့်နဲ့ သတ်ဖြတ်နေခြင်းဖြစ်ပါတယ်။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက New Day Myanmar ကိုပြောပါတယ်။

ဒါကြောင့် ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိလို့ သေဆုံးရမှုတွေ ထပ်မဖြစ်ဖို့ အတွက် အကျဉ်းထောင်အာဏာပိုင်တွေ အနေနဲ့ မိသားစုဝင်တွေ ပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေကို အပြည့်အဝ လက်ခံဖို့၊ အကျဉ်းထောင်တွင်း လုံလောက်တဲ့ ဆေးဝါးတွေထားရှိဖို့၊ ထောင်တွင်း ဖျားနာလူနာတွေနဲ့ ဒဏ်ရာရလူနာတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ အရေးကြီးလူနာတွေကို ထောင်ပြင်ပဆေးရုံတွေ ဆီ အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ စတဲ့ အချက် (၄) ချက်ကို နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) ကတောင်းဆိုထားပါတယ်။

ဒီအချက်တွေကို အပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း အာဆီယံနိုင်ငံများအနေဖြင့်လည်း စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနကို ဖိအားပေးတောင်းဆိုပေးဖို့ကို တောင်းဆိုထားတာဖြစ်ပါတယ်။

ပုံစာ – အကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်စွာ ကုသပေးဖို့ အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး ကမ်ပိန်းလုပ်ဆောင်နေစဉ်

ပုံ – မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)

ဆက်စပ် သတင်းများ

Most read