၄ ဖေဖော်ဝါရီ ၂၀၂၆
ဟောင်ကောင်မှာ ၁၉၉၂ ခုနှစ်က လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့အတွင်း သူဖွင့်ထားတဲ့ ဆန်ပြုတ်ဆိုင်မှာ မနေ့က ဖေဖော်ဝါရီ ၃ ရက်က ဝင်ရောက်ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူဟာ Mui Yiu Keung (အသက် ၆၂ နှစ်) ဖြစ်ပြီး၊ ဟောင်ကောင်ကမ်းခြေတစ်ခုမှာ လူတစ်ယောက်ကို သတ်ဖြတ်ပြီး မြှုပ်နှံခဲ့တဲ့ အမှုနဲ့ ဆက်နွယ်နေသူဖြစ်ပါတယ်။ အဲ့ဒီအမှုမှာ ပါဝင်သူ လေးယောက်အနက် သုံးယောက်ကို ယခင်က ဖမ်းဆီးနိုင်ခဲ့ပေမယ့် Mui Yiu Keung ကတော့ အဲ့ဒီအချိန်ကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ဟောင်ကောင်အာဏာပိုင်တွေ နဲ့ ပူးပေါင်းစုံစမ်းခဲ့ရာကနေ တရားခံဟာ ထိုင်းနိုင်ငံအတွင်း ပုန်းအောင်းနေထိုင်နေတယ်ဆိုတဲ့ သဲလွန်စတွေ ရရှိခဲ့ပြီး၊ နောက်ဆုံးမှာ ဘန်ကောက်မြို့ နောင်ချုပ်ခရိုင်အတွင်း “Ar Pae Congee” ဆိုတဲ့ ဆန်ပြုတ်ဆိုင်ကို ဖွင့်လှစ်ထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
မနေ့က ဖေဖော်ဝါရီ ၃ ရက်မှာ CIB ရဲတပ်ဖွဲ့က ဆိုင်နဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းတွေ မပြသနိုင်ခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ နောက်ပိုင်း စစ်ဆေးမေးမြန်းမှုတွေမှာ သူဟာ ဟောင်ကောင်က အလိုရှိနေတဲ့ တရားခံ Mui Yiu Keung ဖြစ်တယ်လို့ ကိုယ်တိုင် ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ Mui Yiu Keung ဟာ ၁၉၉၂ ခုနှစ်မှာ ဟောင်ကောင်က ထွက်ပြေးလာပြီးနောက် စမွတ်ပရာကန်ဒေသမှာ စက်ရုံအလုပ်ရုံငယ်တစ်ခု ဖွင့်ကာ နေထိုင်ခဲ့ပြီး၊ ထိုင်းအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ကာ သားသမီး သုံးယောက်အထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘန်ကောက်မြို့ကို ပြောင်းရွှေ့ပြီး ဆန်ပြုတ်ဆိုင် ဖွင့်လှစ်ကာ အေးချမ်းစွာ နေထိုင်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ထိုင်းရဲတပ်ဖွဲ့က Mui Yiu Keung ကို “တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှု” နဲ့ ဦးစွာ အရေးယူသွားမယ်လို့ သိရပြီး၊ အမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြီးဆုံးရင် ဟောင်ကောင်အာဏာပိုင်တွေ ဆီကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – The Thaiger


