၁၂ ဒီဇင်ဘာ၊ ၂၀၂၄
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် နံနက်၂ နာရီမှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲချတဲ့အတွက် ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပထမတစ်ကြိမ် ဗုံးကြဲမှုမှာ မိသားစုဝင် ၉ ဦးထဲက ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒုတိယတစ်ကြိမ် ဗုံးကြဲချမှုမှာ ပြည်သူ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ လုံး လုံးဝပျက်စီးပြီး နောက်ထပ် အိမ် ၈ လုံးမှာလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဗုံးကြဲချခံရတဲ့ ချွန်ကျုံးရွာဟာ ဟားခါးမြို့အနား ဆယ်မိုင်အကွာမှာပဲ တည်ရှိပြီး ဒေသခံပြည်သူတွေအိပ်မောကျချိန် အရပ်သားကိုပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တဲ့အတွက် ခွင့်လွှတ်စရာမရှိ၊ လုံးဝလက်မခံကြောင်း CDF – Hakhaက ဆိုပါတယ်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားသူတွေကို ခရစ်ယာန်ထုံးတမ်းနဲ့သင်္ဂြိုဟ်စဉ်
Photo – CJ