Homeပြည်တွင်းသတင်းသံလွင်မြစ်နဲ့ မိုလိုချောင်းရေထဲ အာဆင်းနစ်အဆိပ် အလွန်အန္တရာယ်ရှိတဲ့အဆင့်ထိ တွေ့ရှိ — ကရင်နီပြည် ပြည်သူများကို အရေးပေါ်သတိပေး

သံလွင်မြစ်နဲ့ မိုလိုချောင်းရေထဲ အာဆင်းနစ်အဆိပ် အလွန်အန္တရာယ်ရှိတဲ့အဆင့်ထိ တွေ့ရှိ — ကရင်နီပြည် ပြည်သူများကို အရေးပေါ်သတိပေး

၂၅ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ကရင်နီပြည်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းရေတွေမှာ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်တဲ့ အာဆင်းနစ် (Arsenic) အဆိပ်ပါဝင်မှု အလွန်မြင့်မားနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ က ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ အရေးပေါ် အသိပေးထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင် သုသေသနဌာန) တို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ သံလွင်မြစ် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းတလျှောက် နေရာ ၁၀ ခုနဲ့ မိုလိုချောင်း ၁ နေရာမှာ ရေနမူနာတွေ ကောက်ယူ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ခွဲစစ်ဆေးချက်တွေအရ သံလွင်မြစ်ရေထဲမှာ အာဆင်းနစ်ပါဝင်မှုဟာ နိုင်ငံတကာစံနှုန်း ၀.၀၁ mg/L ထက် ကျော်လွန်ပြီး ၀.၀၄၂ mg/L ကနေ ၀.၀၉၆ mg/L အထိ ရှိနေခဲ့တာဖြစ်ပါတယ်။ မိုလိုချောင်းရေထဲမှာတော့ အာဆင်းနစ်ပါဝင်မှုဟာ ၀.၅၅၃ mg/L အထိ ရောက်ရှိနေပြီး နိုင်ငံတကာစံနှုန်းထက် အဆ ၅၅၀ ကျော် မြင့်မားနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို အာဆင်းနစ်အဆိပ်ပါဝင်တဲ့ ရေတွေကို တိုက်ရိုက်သောက်သုံးတာ၊ ချက်ပြုတ်ရာမှာ အသုံးပြုတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သုံးစွဲတာ၊ အဲ့ဒီရေထဲက ရေနေသတ္တဝါတွေကို စားသုံးတာတွေကြောင့် ရေတိုအတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်းတွေ ဖြစ်နိုင်သလို ရေရှည်မှာတော့ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ ကလေးငယ်တွေမှာ မှတ်ဉာဏ်ဖွံ့ဖြိုးမှု ထိခိုက်နိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းရေကို တိုက်ရိုက်သောက်သုံးခြင်း၊ ချက်ပြုတ်ရာမှာ အသုံးပြုခြင်း မလုပ်ဖို့၊ မဖြစ်မနေ ထိတွေ့ကိုင်တွယ်ရပါက သန့်ရှင်းတဲ့ရေနဲ့ ချက်ချင်း ပြန်လည်ဆေးကြောဖို့၊ သံလွင်မြစ်အတွင်းက ငါး၊ ခရု၊ ပုဇွန် စတဲ့ ရေနေသတ္တဝါတွေကို မစားသုံးဖို့၊ မိုလိုချောင်းအတွင်းက ရေနေသတ္တဝါအားလုံးကို လုံးဝ မစားသုံးဖို့တို့ကို အရေးပေါ်လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူ့ကျန်းမာရေးကို ကာကွယ်ဖို့အတွက် နောက်ထပ် ရေ၊ စိုက်ပျိုးသီးနှံ၊ ရေနေသတ္တဝါ၊ မြေနဲ့ မြေဆီလွှာ နမူနာတွေကို ဆက်လက်ကောက်ယူ စစ်ဆေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီအသိပေးချက်ကို နောက်ထပ် ပြင်ဆင်ထုတ်ပြန်မှု မရှိမချင်း အတည်ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးဂရုပြု လိုက်နာကြဖို့ ထပ်မံ အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး