Homeပြည်တွင်းသတင်းသံတွဲလေဆိပ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က လေးရာကျော် သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

သံတွဲလေဆိပ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က လေးရာကျော် သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

၈ ဇူလိုင်၊ ၂၀၂၄

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က သံတွဲလေဆိပ်(မဇင်လေဆိပ်)ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ အာရက္ခတပ်တော် AA က ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းမှာ အတည်ပြု ကြေညာလိုက်ပါတယ်။

သံတွဲမြို့ကို သိမ်းပိုက်နိုင်ဖို့ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဟာ ဧပြီ ၁၃ ရက်ထဲက ဖြစ်ပွားခဲ့ပြီး ဇွန်လနဲ့ ဇူလိုင်လ ပထမပတ်မှာ အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံး ဖြစ်တယ်လို့ AA ဘက်က ထုတ်ပြန်ပါတယ်။

သံတွဲမြို့ကို ကာကွယ်ဖို့ စစ်ကောင်စီဘက်က သံတွဲအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်းတွေအပြင် တပ်မ ၁၀၁ လက်အောက်ခံ ခြေမြန်နဲ့ ခြေလျင်တပ်ရင်း၊ ဧရာဝတီအခြေစိုက် တပ်ရင်းတချို့၊ သံတွဲ ပြည်သူ့စစ်တပ်ရင်းတချို့နဲ့ ရေတပ် အထူးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ AA က ဖော်ပြပါတယ်။

ကွင်းဝိုင်း ၊ သပြုချိုင်၊ ဂျိတ်တော တို့ကနေ စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘောတွေနဲ့ လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကလည်း လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်သလို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ခုခံကာကွယ်ခဲ့တာကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲဟာ AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း အခက်ခဲဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၇ ရက်မှာ သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေက သံတွဲလေဆိပ်အနီးက အဆောက်အအုံတွေ၊ နာမည်ကြီး ဟိုတယ်တွေနဲ့ ဇီးဖြူကုန်းက သုံးထပ်တိုက် တစ်လုံးထဲကနေ ပြန်လည်ခုခံခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၅ ရက် မနက် ၆ နာရီ ဝန်းကျင်မှာ သံတွဲလေဆိပ် (မဇင်လေဆိပ်) အနီးက ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး မဇင်လေဆိပ်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

သံတွဲမြို့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အခုအခါ သံတွဲမြို့မှာ ခလရ ၅၅ တပ်ရင်းသာ စစ်ကောင်စီရဲ့ တစ်ခုထဲသော ခံစစ်တပ်ရင်းအဖြစ် ကျန်နေပြီး AA ဘက်ကလည်း ဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – AA

ဆက်စပ် သတင်းများ

Most read