Homeဆောင်းပါး"သူတို့ဘက်ကလူများတယ် ငါ့ကို လုပ်နေကြပြီ၊ ငါ့ကို လုပ်နေကြပြီ အား"

“သူတို့ဘက်ကလူများတယ် ငါ့ကို လုပ်နေကြပြီ၊ ငါ့ကို လုပ်နေကြပြီ အား”

အဲဒီလို အော်သံအနက်ကြီး ထွက်ပေါ်လာတဲ့နေရာကတော့ မြန်မာနိုင်ငံအနောက်ဘက်၊ ရိုးမ တောင်ခြေမှာရှိတဲ့ ရွာငယ်လေးတစ်ခုရဲ့ မြေစိုက်တဲအိမ်လေးဆီကပါ။
အော်နေတဲ့သူကတော့ ကန်ကျောက်ပြီး ကိုယ့်လည်ပင်းကို ပြန်ညှစ်နေတဲ့ အသက် ၁၈ နှစ်ဝန်းကျင် ကျောင်းသူ မိန်းကလေး ဖြစ်ပါတယ်။

ဘေးမှာတော့ သူ့ မိဘ ၂ ပါးနဲ့ အားကောင်းမောင်းသန် လူငယ်လေးတချို့ က ကောင်မလေးရဲ့ ခြေထောက်ကို ချုပ်တဲ့သူကချုပ်၊ လက်ကို လည်ပင်းကနေ ဆွဲခွာနေတဲ့သူက ခွာနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေပါတယ်။

ဒါဟာ ကမ္ဘာတဝန်းမှာ ရှေးရာစုနှစ်များစွာကနေစပြီး အခုထိ ယုံကြည်မှုတစ်ခုအဖြစ်ရှိနေတဲ့ အပမှီတယ် ဆိုတဲ့ဖြစ်စဉ်တွေထဲက တစ်ခုပါ။

ဒီလို ပရောဂပူးတဲ့ဖြစ်စဉ်တွေဟာ လူတွေစိတ်ကူးယဉ်ထားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ မသက်ဆိုင် ဘူးဆိုတာကိုတော့ ဆေးပညာနဲ့ စိတ်ပညာရှင်တွေရဲ့ ချက်ကျလက်ကျ သက်သေပြထားမှုတွေ အခုအချိန်မှာ အလွယ်တကူ ရှိနှင့်ပြီးသားပါ။

ဒါပေမဲ့ ကိုလိုနီပြုကျင့်ခံခဲ့ရသလို အာဏာရှင်တွေ နှစ်ကြာရှည် အုပ်ချုပ်တဲ့ မြန်မာလို အဖက်ဖက်က နိမ့်ကျတဲ့ နိုင်ငံတွေမှာတော့ သဘာဝလွန် ဖြစ်ရပ်တွေအပေါ် ယုံကြည်မှုဟာ အခု ၂၁ ရာစု ရောက်တဲ့အထိ အားကောင်းနေဆဲဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာ ၁၉၇၆ ခုနှစ်တုန်းက Anneliese Michel ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် မိန်းကလေး ဟာ အပမှီတယ်လို့ ယူဆခံရတာကြောင့် အစဉ်အလာအတိုင်းကုသရင်း မသေသင့်ဘဲ သေဆုံးသွားခဲ့ဖူးပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အဲဒီဖြစ်ရပ်အကြောင်း မှီငြမ်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ The Exorcism of Emily Rose (2005) ကို ဥပမာပေးပြီး အပမှီတဲ့ကိစ္စကို ဒီနေရာမှာ အနည်းငယ်ဆွေးနွေးလိုပါတယ်။

ရုပ်ရှင် အကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ ဝိညာဉ်တွေရဲ့ တိုက်ခိုက်မှုခံနေရတယ်လို့ သူ့ကိုယ်သူ ယုံကြည်နေပါတယ်။ နောက်တော့ အဲဒီကောင်မလေး ဆုံးသွားပါတယ်။ မဆုံးခင်တုန်းကတော့ မိဘတွေက ခရစ်ယာန်ဘုန်းကြီးတစ်ပါးပင့်ပြီး အပနှင်‌ပေးခဲ့ပါတယ်။ အဲဒီနောက် ကောင်မလေး သေဆုံးမှုဟာ ဘုန်ကြီးရဲ့ အပနှင်ပေးတဲ့လုပ်ရပ်တွေကြောင့်ဖြစ်တယ်ဆိုပြီး အစိုးရက တရားစွဲပါတယ်။ ဘုန်းကြီးအတွက်လည်း ဘာသာရေးဂိုဏ်းချုပ်က ရှေ့နေကောင်းကောင်း ငှားပေးပြီး တရားရင်ဆိုင်ကြပါတယ်။ နောက်ဆုံးမှာ တရားရုံးရဲ့ အဆုံးအဖြတ်အရ ဘုန်းကြီးဟာ အပြစ်ရှိတယ်လို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ ဒီနေရာမှာ ရုပ်ရှင်ကို အဓိက မောင်းနှင်သွားတာကတော့ အမှုတရားခွင်တွေ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးဖြစ်ခဲ့လက္ခဏာတွေကတော့ သံသယလွန်ကဲတာ၊ ထင်ယောင်ထင်မှား တွေဖြစ်ပြီး ဘေးနားကလူတွေကို ဝိညာဉ်တွေအဖြစ်ထင်တာ၊ လည်ပင်း လာညှစ်ခံရတယ်ထင်ပြီး လက်နဲ့ဖယ်ရင်းက ကိုယ့်လည်ပင်းကို ပြန်ညှစ်မိသလိုဖြစ်နေတာ၊ အပြင်လောကကို ဘာမှမသိတော့ဘဲ ခေါင်းခြေလက်တွေ တွ့န်လိမ်ကောက်ကွေးကုန်တာ၊ တစ်ခါထဲ ဘာသာစကား ၂ မျိုးလုံးကို အသံထွက်ပြီးပြောတာ၊ မျက်လုံးသူငယ်အိမ်ကျယ်လာတာတွေနဲ့ နောက်ပိုင်းမှာ ဘာမှမစားမသောက်တော့တာတွေ ဖြစ်ပါတယ်။

ဒါတွေဟာ ရှေးအစဉ်အဆက်က ယုံကြည်ခဲ့တဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင် တော့ အပမှီတာ၊ စုန်းပြုစားတာမျိုးနဲ့ သွားတူညီနေပါတယ်။

ရုပ်ရှင်ထဲမှာတော့ စိတ်ရောဂါကုသမှုနဲ့ အာရုံကြောဆိုင်ရာ အထူးကျွမ်းကျင်တဲ့ ဆရာဝန်က အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို တရားခွင်မှာ သိပ္ပံနည်းကျ ရှင်းပြခဲ့ပါတယ်။

အတိုချုပ်ပြောရရင် အဲဒီမိန်းကလေးရဲ့ ရောဂါဟာ အတက်ရောဂါနဲ့ ပြန်းထန်တဲ့ စိတ်ဝေဒနာကို ခံစားနေရတဲ့ ရောဂါဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါဖောက်တဲ့အချိန် လူ့အဆစ်တွေဟာ လှုပ်မရဘဲ ခန္ဓာကိုယ်ဟာ ရွဲ့စောင်းတောင့်တင်း သွားတတ်တာ၊ သူငယ်အိမ်ကျယ်ပြီး မဲသွားတက်တယ်လို့ ဆရာဝန်က ပြောပါတယ်။ အဲဒီလို ဖြစ်တာကတော့ ဦးနှောက်ထဲက ပြန်းထန်တဲ့ တုံ့ပြန်မှုတစ်ခုခုကြောင့် သတိလစ်ပြီး ခန္ဓာကိုယ်ကကြွက်သားတွေ မိနစ်အတော်ကြာ ကျုံ့သွားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပြိုင်ထဲ ဘာသာစကား ၂ မျိုးပြောနိုင်တာဟာလည်း ဦးနှောက်ရဲ့ ပြင်းထန်တဲ့ လှုံ့ဆော်မှုကြောင့် မိခင်ဘာသာစကားနဲ့ သင်ကြားဖူးတဲ့ ဘာသာစကားတစ်ခုခုကို လူမှာရှိတဲ့ အသံကြိုး ၂ ကြိုးလုံးက တပြိုင်နက် ထွက်နိုင်သွားတာလို့ သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းကတော့ အစာရေစာပြတ်လတ်မှုနဲ့ ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်မိထားတဲ့ ဒဏ်ရာတွေ ပြန်မကောင်းတော့တာကြောင့် ဖြစ်ပါတယ်။
ဒီလိုရောဂါမျိုးခံစားရရင်တော့ ဆေးကိုရေရှည်စွဲသောက်ပြီး ကုသရင်ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

ဒါမျိုးဟာ ဆယ်ကျော်သက်အရွယ်အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပြီး ပြင်းထန်မှုကတော့ ယုံကြည်မှု အတိမ်အနက်လိုက် ဖြစ်လေ့ရှိကြတယ်လို့လည်း သမားကျော်တွေက ရေးသားထားပါတယ်။

အပေါ်က ဆိုခဲ့တဲ့ မြန်မာနိုင်ငံ ရိုးမတောင်ခြေက သူ့ကိုယ်သူ အပမှီတယ်လို့ယုံကြည်နေတဲ့ ကောင်မလေးလေးဟာလည်း ရောဂါဖောက်လာရင် ခြေလက်တွေကွေးပြီး အဆစ်တွေက လှုပ်လို့မရတာတွေဖြစ်ပါတယ်။ ပြီးရင် ကိုယ့်လည်ပင်းကိုယ် ပြန်ညှစ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ သူ့နာမည်ကို ခေါ်ခိုင်းတဲ့အခါ ဇာတ်လမ်းတချို့ထဲက ဇာတ်ဆောင်မင်းသမီးတွေရဲ့ နာမည် ဖြစ်နေတတ်ပါတယ်။

ဒီမှာ အခက်ကြုံရတာက သူ့မိဘတွေနဲ့ တက္ကသိုလ်က ဘွဲ့ရထားတယ်ဆိုတဲ့ လူငယ်တွေကပါ အဲဒီ အပမှီတဲ့ကိစ္စအပေါ် ယုံကြည်ပြီး ဆေးရုံသွားဖို့ ငြင်းဆန်ကြတာပါ။ ကံကောင်းတာကတော့ ဆေးရုံမသွားလိုက်ရဘဲ ရက်နည်းနည်းကြာပြီးတဲ့အချိန် အဲဒီကောင်မလေးရဲ့ အခြေအနေ ပြန်ကောင်းလာတာပါပဲ။

ဒီလိုကိစ္စတွေဟာ မြန်မာနိုင်ငံတဝန်းမှာလည်း အရင်ကတည်းက ရှိနေပါတယ်။ ဒါကြောင့်ပဲ ရိုးရာနည်းတွေ၊ ယုံကြည်မှုအလိုက် နည်းလမ်းတွေနဲ့ ကုသရင်း သေဆုံးသွားတယ်ဆိုတဲ့ အရပ်ပြော သတင်းတွေလည်း လူတွေကြားထဲမှာ ရှိနေတာပါ။

လူအများစု စိတ်ကူးယဉ်လက်ခံထားတဲ့ သက်ဝင်ယုံကြည်မှုဆိုတာ ကွယ်ပျောက်ဖို့ ရာစုနှစ်၊ ထောင်စုနှစ်တွေချီပြီး ကြာနိုင်ပါတယ်။ ဥပမာ ကမ္ဘာဟာ နေကိုဗဟိုပြုပြီး လည်ပတ်နေတယ်ဆိုတာ၊ လူသားတွေဟာ ကုန်းနေရေနေသတ္တဝါတွေက ဆင်းသက်လာတယ်ဆိုတာ၊ ကမ္ဘာကြီးက လုံးတယ်ဆိုတာမျိုးကို လူအများအပြား လက်ခံဖို့ ရာစုနှစ်တွေချီပြီး ကြာခဲ့ပါတယ်။

လူတိုင်းလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိကြတယ်ဆိုပေမဲ့ လူ့အသက်တွေနဲ့ယှဉ်လာချိန်မျိုး၊
သိပ္ပံပညာကလည်း သက်သေပြနိုင်တဲ့အချိန်မျိုး ဆိုရင်တော့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ် ယုံကြည်မှုတချို့ကို ယာယီဖြစ်ဖြစ်၊ တစ်သက်လုံးဖြစ်ဖြစ် စွန့်လွှတ်သင့်ပါတယ်။

နိဂုံးချုပ်ကိုတော့ ကမ္ဘာကျော်ကဗျာဆရာ တဂိုးနဲ့ အိန္ဒိယရဲ့ လွတ်လပ်ရေးဖခင်ကြီးလို့ သတ်မှတ်ထားတဲ့ ဂန္ဒီတို့ကြားက ဖြစ်ရပ်လေးတစ်ခုနဲ့ ပိတ်လိုက်ချင်ပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကာလတုန်းက တဂိုးဟာ ဂန္ဒီဘက်ကနေ ထောက်ခံအားပေးခဲ့သူပါ။ ဒါပေမဲ့ ဘီဟာနယ် ငလျင်လှုပ်တဲ့အချိန် ဒါဟာ ဘုရားကဒဏ်ခတ်တာလို့ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် ဂန္ဒီက ပုံဖော်သွားတာကိုတော့ တဂိုးက မထောက်ခံခဲ့ပါဘူး။

အဲဒီတုန်းက သူပြောခဲ့တာကတော့ အခုလိုပဲ ဖြစ်ပါတယ်။

“ဤကဲ့သို့သော သိပ္ပံနည်းမကျသည့်အမြင်မျိုးကို ကျွန်တော်တို့လူထုက အလွယ်တကူ လက်ခံယုံကြည်လိုက်သည်မှာ ကျွန်တော်တို့တိုင်းပြည် ပညာအနာဂတ်အတွက် ရင်လေးစရာ ဖြစ်ပေတော့သည်”

• ရေးသူ/ ဘွန်ဟောင်း

ဆက်စပ် သတင်းများ

Most read