တာချီလိတ်မြို့၊မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၇) လမ်းမှာဇူလိုင် (၁၇) ရက်မနက် ၁ နာရီက သူငယ်ချင်းနှစ်ဦး KTVသွားဖို့နေရာရွေးရာကနေ အချင်းများပြီး သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဇူလိုင်(၁၇)ရက်မနက် ၁ နာရီက တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင်(၇)လမ်းမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ Crown အမျိုးအစား၊ အနက်ရောင် မော်တော်ယာဉ်ပေါ်မှာ စိုင်းရှဲန်(၃၆နှစ်)တာချီလိတ်မြို့နေသူမှာ ယာပါးဖောက်ဝင် ဝဲပါးဖောက်ထွက် ဒဏ်ရာ(၁)ချက်နဲ့ ဝဲနားရွက်အောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ)ရရှိခဲ့ပြီး တာချီလိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးကို ဆေးကုသမှု ခံယူခဲ့ရာ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာ အခင်းဖြစ်စဉ်က ရရှိ ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့တာကို သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာ သေနတ်ပစ်ခတ်သွားသူစိုင်းကျောက်၊ ၄၅ နှစ်၊ ပါဝုန်းရွာ၊ ဖန်မင်အုပ်စု၊ တာချီလိတ်မြို့နေသူကို ဇူလိုင်လ ညနေ ၄ နာရီက ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းက သိရပါတယ်။


