၂၃ အောက်တိုဘာ၊၂၀၂၄
၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း စစ်ဆင်ရေးများနဲ့ တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် အရပ်သား တစ်ထောင်ကျော် (၁,၀၄၄) သေဆုံးခဲ့ပြီး တစ်ထောင်သုံးရာကျော် (၁,၃၈၃ ဦး) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ်၊ တတိယ (၃)လတာအတွင်းတွင် စစ်ဆင်ရေးတွေနဲ့ တိုက်ပွဲဖော်ဆောင်မှု စုစုပေါင်း (၂၁၂၆) ကြိမ်ရှိခဲ့သည့်အနက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေမှ စစ်ကောင်စီအားပစ်မှတ် ထားတိုက်ခိုက်မှု စုစုပေါင်း(၂၀၀၆)ကြိမ်ပါဝင်ခဲ့ပြီး ၃လတာကာလအတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
တတိယ (၃)လအတွင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြို့ပေါင်း (၁၂)မြို့ကို ကချင်၊ ရှမ်း(မြောက်)၊ မန္တလေးနဲ့ ရခိုင်စစ်မျက်နှာများတွင် သိမ်းယူနိုင်ခဲ့သလို စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသ (၄) ခုမှာ ရှမ်း (မြောက်)၊ မန္တလေး၊ စစ်ကိုင်း နဲ့ မကွေးဒေသများဖြစ်ပြီး ရှမ်း (မြောက်)ဒေသတွင်မူ ၁၀၂၇စစ်ဆင်ရေး (အပိုင်း-၂) စစ်ဆင်ရေးကြောင့် တိုင်းစစ်ဌာနချုပ်ကျရှုံးပြီး တိုက်ပွဲဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တာကိုလည်း တွေ့ရှိရတယ် လို့ ဆိုပါတယ်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ တတိယ (၃)လအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများပြားလာခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး (၁၃၈၃) ဦး နဲ့ သေဆုံးသူ အနည်းဆုံး (၁၀၄၄) ဦးထိရှိလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo – Nyan Lynn Thit Analytica