၁၉ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ် တောင်ပိုင်းမြို့နယ်ထဲက သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ အမှန်တကယ်လိုအပ်နေသူတွေမရရှိဘဲ တိုက်ခန်းရယူပြီးရောင်းစားနေသူတွေရှိနေတယ်လို့ အဲ့ဒီအိမ်ရာဝန်းအတွင်းနေထိုင်သူအချို့က ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဟာ အမှန်တကယ်နေနေရာမရှိတဲ့သူတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို အငှားချပေးတာဆိုပေမယ့် ညအခန်းရရှိသူနည်းပါးပြီး အများစုဟာ Non CDM တွေ၊ စစ်ဘက်ကနေ အငြိမ်းစားယူလာတဲ့သူတွေသာ ရရှိနေတယ်လို့ဆိုပါတယ်။
“တကယ်နေစရာမရှိလို့ လျှောက်ထားတာ နှစ်နဲ့ချီပြီ၊ တခါမှမဆက်သွယ်လာသေးဘူး၊ ပိုင်ရာဆိုင်ရာတွေနဲ့ကပ်ပြီးရသွားသူတွေရှိတယ်။ ကိုယ့်နောက်မှ လျှောက်တဲ့ သူတွေ ရကုန်ကြတာကို ကြည့်ရင် သူတို့ပြောသလို မဲနှိုက်တဲ့အခါမှာ စီနီယာအ လိုက်မဟုတ်လို့ပေါ့။ အိမ်ရာထဲမှာလည်း ငှားနေသူတွေ ၊ ရောင်းစားနေတဲ့သူတွေရှိတယ်၊ ရတဲ့သူတွေကြည့်လိုက်ရင် အပြင်မှာ အိမ်ပိုင် ကားပိုင်တွေနဲ့ “လို့ အိမ်ရာကို လျှောက်ထားသူ ရန်ကုန်နေသူတစ်ဦးက ဆိုပါတယ်။
တိုက်ခန်းကိူ ရယူပြီး ပြန်ငှားစားတာ ၊ပြန်ရောင်းချတဲ့ ဖြစ်စဉ်တွေ အမှန်တကယ်ရှိနေပြီး၊ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်ကမှာ ဥပဒေမဲ့ရောင်းစားသူနဲ့ ပူးပေါင်းပါဝင်သူ ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁နှစ်စီချမှတ်လိုက်တယ်လို့ စစ်ကော်မရှင် လက်အောက်ခံ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
“ဒီအိမ်ရာက နေစရာမရှိတဲ့သူတွေအတွက် အငှားချထားတာ သိပေမယ့် လူမသိသူမသိ လက်သိပ်ထိုးရောင်း စားကြတာ။ ပါးတဲ့သူစားကြေးပေါ့ဗျာ။ အိမ်ယာကြီးကြပ်ရေးက သတင်းရလို့ စစ်လို့မိရင်ဝယ်သူရောရောင်းသူရောခံပေါ့”လို့ အိမ်ရာအတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
လတ်တလော အိမ်ရာအတွင်း ကားပါကင်ထိုးဖို့ လုပ်ဆောင်ထားတဲ့ နေရာတွေမှာ အခန်းတွေပြန်ဖွဲ့ပြီး အငှားချတာတွေလည်း လုပ်ဆောင်လာနေတာကို New Day Myanmar က စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင်ငှားရမ်းနေထိုင်ခွင့်ရရှိသူတွေအနေနဲ့က်ိုယ်တိုင်နေထိုင်တာမရှိဘဲ ထပ်ဆင့်ငှားရမ်းတာ၊ ငှားရမ်းခွင့်စာရင်းမှာမပါဝင်ဘဲ နေထိုင်စေတာ၊ လက်ညှိုးထိုးရောင်းစားတာ ၊စျေးဆိုင်ခန်းတွေကို လက်ညှိုးထိုး ရောင်းစားတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


