Homeပြည်တွင်းသတင်းသီတင်းကျွတ်လပြည့်ညမှာ နောင်ချို၊ ဒီပဲယင်းမြို့တွေကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

သီတင်းကျွတ်လပြည့်ညမှာ နောင်ချို၊ ဒီပဲယင်းမြို့တွေကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

၁၈ အောက်တိုဘာ၊ ၂၀၂၄

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်၊ သီတင်းကျွတ်လပြည့်နေ့ညမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာလ ၁၇ ရက် ည ၉ နာရီ ၄၈မိနစ်မှာ နောင်ချိုမြို့အဝင်စစ်ဆေးရေးဂိတ်၊ ည ၁၀ နာရီ ၈ မိနစ်မှာ စာရင်းစစ်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး၊ ည၁၁ နာရီ ၃၂ မိနစ်မှာ နောင်ချိုမြို့မရဲစခန်းတို့ကို လေ ကြောင်း က ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ပေမယ့် သေဆုံးထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကိုလည်း ည ၉ နာရီခွဲဝန်းကျင်က လေကြောင်းက တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီပဲယင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုမှာ လူသေဆုံးမှုနဲ့ အထိအခိုက်မရှိကြောင်းဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု တစ်နိုင်ငံလုံးမှာ ၂၁၈ ကြိမ် ရှိပြီး သေဆုံးသူ ၂၃၃ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄၄၇ ဦးအထိ ရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့လက လေကြောင်းတိုက်ခိုက်မှုတွေဟာ ရှမ်းပြည်နယ်မှာ ၃၇ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၂၈ ကြိမ်၊ တခြားဒေသတွေမှာ ၁၅၃ ကြိမ်အထိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – အောက်တိုဘာလ ၁၇ ရက် နောင်ချိုမြို့ ဗုံးကြဲခံရတဲ့မြင်ကွင်းများ

Photo – CJ

ဆက်စပ် သတင်းများ

Most read