ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်(ကိုထိန်လင်း)က သူ့ရဲ့ မိခင်နဲ့ အဆက်အသွယ်မရတဲ့ အတွက်ကွယ်လွန်သွားတာဖြစ်နိုင်တယ်လို့ ပြောဆိုအပြီးမှာပဲ အဲ့ဒီသတင်းဟာ မဟုတ်မှန်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၁၆ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ်(ကိုထိန်လင်း)က အမေဖြစ်သူဟာ ထောင်ထဲမှာကွယ်လွန်တာဖြစ်နိုင်တယ်ဆိုပြီး ဒီရက်ပိုင်းမှာအချိန်ကိုက်ပြောဆိုလာတွေကို ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့် သတင်းအမှားသာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုဝါဒဖြန့်နေတာတွေဟာ ဒီရက်ပိုင်းမှာပြုလုပ်မယ့်ရွေးကောက်ပွဲကို အချိန်ကိုက်လုပ်ကြံနေတာလို့လည်း စစ်ကော်မရှင်ကဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်မရတာတာနှစ်အတော်ကြာပြီဖြစ်တဲ့အတွက် အမေသေဆုံးသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ သားငယ်ကိုထိန်လင်းက ရိုက်တာသတင်းဌာနကိုပြောဆိုထားတာပါ။
စစ်ကော်မရှင်တပ်ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ မဲမသမာမှုတွေအပါအဝင် စွဲချက်အများအပြားနဲ့ အမှုဖွင့်တရားစွဲဆိုထားကာ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်ဟာ ၂၀၂၃ ခုနှစ်ကစပြီး ရှေ့နေအဖွဲ့အပါအဝင် မိသားစုတွေနဲ့လည်းတွေ့ခွင့်မပေးပဲ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကိုလည်း တရားဝင်ထုတ်ပြန်တာလည်းမရှိပါဘူး။
ဒါကြောင့် ကိုထိန်လင်းဟာအမေဖြစ်သူအတွက်စိုးရိမ်ပူပန်ပြီး လွတ်မြောက်ရေးအတွက် တရုတ်အပါအဝင်နိုင်ငံတကာကို အကူအညီတောင်းခံမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။


