သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/ခ)တိုက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပိုင်ရဲ့ တပည့်ဖြစ်သူ နှစ်ကြီးကျအကျဉ်းသား ပြူးကြီးဆိုသူက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း PPNM မှ စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။
အဆိုပါ အကျဉ်းသား ပြူးကြီးဆိုသူဟာ ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရိုက်နှက်ခြင်း၊ အသက်အန္တရာယ်ထိခိုက်ရန် နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်အနိုင်ကျင့်ခြင်းတွေ ပြုလုပ်လျက်ရှိပြီး ထောင်အာဏာပိုင်တွေအတွက် ၎င်းက လူသတ်ပေးရန်ပင် အသင့်ရှိကြောင်း ကြွေးကြော်ထား သူတဦးဖြစ် တယ်လို့လည်း သိရပါတယ်။
ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်ရင်ဆိုင်ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသက်ရှင်သန်ခွင့် မရနိုင်စေရန်အထိ ပြုလုပ်မှာဖြစ်တယ်လို့ ခြိမ်းခြောက်လျက်ရှိပြီး နောက်တိုးထောင်ဒဏ်တွေကိုလည်း ဂရုစိုက် ရန်မလိုအပ်ဟု ကြွေးကြော်ကာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်လေ့ရှိတဲ့အတွက် သာယာဝတီ အကျဉ်းထောင် တိုက်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေအတွက် အထူးစိုးရိမ်ပူပန်နေရတယ်လို့ PPNM က ဆိုပါတယ်။
ပြူးကြီးဆိုသူမှာ လူသတ်ဓါးပြမှုနဲ့ သေဒဏ်ကျထားသူတစ်ဦးဖြစ်ပြီး မန္တလေးအိုး ဘိုထောင်မှာ အကျဉ်းကျခဲ့ ဖူးပြီး သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းဖြင့်ရောက်ရှိပြီးနောက် သာယာဝတီထောင်ပိုင်ရဲရင့်နိုင်ရဲ့ တပည့်အဖြစ်ဆက်လက်တည်ရှိကာ ထောင်ပြောင်းအကျဉ်းသားတွေနဲ့ ပြစ်ဒဏ်ကျအကျဉ်းသားများအား ထောင်ပုံစံသွင်းသည်ဟုအကြောင်းပြ၍ လူမဆန်စွာ ရိုက်နှက်၊ငွေညှစ်ကာ သာယာဝတီထောင်ရဲ့ တာဝန်ခံတွေ ဖြစ်တဲ့ ထောင်ပိုင်လေးဖြိုးဝေဦး ၊ဦးစီးမှူး သန်းဝင်း နဲ့ နှစ်ကြီးအကျဉ်းသားတို့ မှ၎င်းငွေတွေကို ခွဲဝေယူ လျက်ရှိတယ်လို့လည်း သိရပါတယ်။
နှစ်ကြီးအကျဉ်းသားပြူးကြီးဟာ ၂၀၂၄ ခုနှစ်အတွင်း သီးသန့်(ခ)တိုက် ၊အခန်းနံပါတ်(၁၁)တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုရဲရင့်ကို(ခ)ရဲရဲအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန် ကြိုးပမ်းရာမှ ခေါင်းကွဲသည်အထိရိုက်နှက်ခဲ့သူဖြစ်ကြောင်းနဲ့ အဆိုပါဖြစ်စဉ်အတွက် တရားမျှတမှုရရှိရေး တောင်းဆိုကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အငြှိုးထားကာ ထောင်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ခေါ်ဆောင်ရိုက်နှက်နှိပ်စက် မှုတွေပြုလုပ်လျက်ရှိတယ်လို့လည်း PPNMက အသိပေးထားပါတယ်။
ဓာတ်ပုံ – PPNM


