ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေး ရွေးကောက် ပွဲဝါဒဖြန့် ဇာတ်ကားရိုက်ကူးမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ အနုပညာရှင်အသိုင်းအဝိုင်း ဆီကနေ စုံစမ်းသိရှိရပါတယ်။
ဖွေးဖွေးဟာ ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်ဇာတ်ကားတကား ရိုက်ကူးနေတဲ့အချိန် နိုဝင်ဘာ(၆)ရက်မှာ စစ်ကော်မရှင်လက် အောက်ခံရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးပြီး ရန်ကုန်မြို့ကို ခေါ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာ ဖွေးဖွေးကို စစ်ဆေးမေး မြန်းတာတွေလုပ်ဆောင်ပြီး စစ်ကော် မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတွေမှာ ပါဝင်ရိုက်ကူးပါမယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြား ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်မှာ အနုပညာရှင်တွေအားလုံးကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ရွေးကောက်ပွဲ ကမ်ပိန်းအတွက်မဖြစ်မနေ ပါဝင်ပေးဖို့နဲ့ မပါဝင်ရင် အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။
အဲ့ဒီနောက် ဖွေးဖွေးကို စစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက ဖုန်းဆက်သွယ်ရာမှာ အကြောင်းမပြန်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်လော်ဘီ ကျော်မျိုးမင်းအပါ ဝါဒဖြန့်တယ်လီဂရမ်တွေမှာ ပြောဆိုရေးသားပြီးနောက်မှာ အခုလို့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“သူတို့ပါးစပ်က ပြောတော့ ဒီမိုကရေစီ..အခုက အဓမ္မဆန်လွန်းတယ်ဗျ။သူတို့ဘဲ ဇာတ်ညွှန်းရေး၊ သူတို့ဘဲရိုက်၊ သူတို့ဘဲ တည်းဖြတ်ဆိုတော့ ဒါက ဒီမိုကရေစီမှမဟုတ်ဘဲ။ သူတို့အကျိုးအတွက် လုပ်ကိုလုပ်ရမယ်ဆိုတာက ခုနပြောသ လိုဘဲ အဓမ္မဆန်တယ်။”လို့ လူငယ်ဒါရိုက်တာတဦးက သူ့ရဲ့အမြင်ကို New Day Myanmar ကိုပြောပါတယ်။
ဖွေးဖွေးနဲ့အတူ ဖမ်းဆီးစစ်ဆေးပေးဖို့သတင်းထွက်ပေါ်နေတဲ့ သရုပ်ဆောင်အလင်းရောင်သတင်းကိုတော့ New Day Myanmar က သီးခြားစုံစမ်းနေဆဲဖြစ်ပါတယ်။
လတ်တလော ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းမှာ သရုပ်ဆောင်ဖွေးဖွေးအပါ အခြားအနုပညာရှင်တွေဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ၊ ထွန်းအိန္ဒြာဗို ၊ ခိုင်သင်းကြည် ၊ တိုင်ရွန် ၊ ထူးအောင်တို့လည်း ပါဝင်သရုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် နွေဦးတော်လှန်ရေးလှုပ်ရှားမှုအစမှာ ပါဝင်ခဲ့လို့ အကျဉ်းကျပြီး ပြန်လွတ်လာပြီးနောက် အနုပညာလှုပ်ရှားမှုတွေမလုပ်ဘဲ အသံတိတ်နေတဲ့ နာမည် ကြီးအနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ ဝိုင်း ၊မီးပွား ၊ ဝင်းလွင်ထက် ၊ သြရသ ၊ အိန္ဒြာကျော်ဇင် ၊ပြေတီဦးတို့လည်း ပါဝင်သရုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
စစ်ကော်ရှင်ဟာ ရွေးကောက်ပွဲကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ပြောဆိုရေးသားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒါရိုက်တာ မိုက်တီးအပါ အနုပညာရှင် ၅ဦးကို ဖမ်းဆီးအရေးယူထားပါတယ်။


