၂ ဇန်နဝါရီလ ၊၂၀၂၅
သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေ အားလုံး အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံတကာအသိုင်းအဝန်းကိုတောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တိုင်းပြည်အာဏာရယူဖို့ ကြိုးပမ်းခဲ့ရာ ၃ နှစ်ကျော် ၄ နှစ် ကာလအတွင်းကို ရောက်ရှိနေခဲ့ပြီဖြစ်ပေမယ့် အာဏာလုယူမှုမှာ အောင်မြင်ခြင်းမရှိဘဲ စစ်ကောင်စီက နေရာဒေသအသီးသီးမှာ ရာဇဝတ်မှုတွေကို ဆိုးဆိုးရွားရွားကျူးလွန်နေပြီး အကျဉ်းထောင် နဲ့ စစ်ကြောရေးစခန်းတွေမှာလည်း ရက်စက် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျင့်သုံးလျက်ရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ၎င်းတို့ရဲ့ လက်အောက်ခံ ရဲစခန်းများ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင် တွေမှာ ချုပ်နှောင်ကာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆောင်ရွက်နေတယ်လို့ AAPP ကဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင်မှုကို မည်သည့် နည်းနှင့် မျှမပေးဘဲ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လည် လွှတ်ပေးရေး နဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်စွာ ဖိအားပေးရေး၊ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခြင်းတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးကို ဝိုင်းဝန်းကြိုးပမ်း ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Photo -AAPP