သထုံမြို့နယ်၊ တက်တူးကုန်းရွာကို စစ်ကော်မရှင်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် နေအိမ်တွေက ပစ္စည်းတွေကို ဖောက်ထွင်းလုယူမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တက်တူးကုန်းရွာထဲကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ်သားတွေ ဝင်ရောက်တပ်စွဲနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလိုတပ်စွဲထားတုန်း အိမ်ခုနှစ်လုံးကိုအတင်းဝင်မွှေပြီး တံခါးတွေရိုက်ခွဲကာ အိမ်သုံးပစ္စည်းတွေကို လုယူသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလုယက်မှုမှာ ဒေါ်မိုးမိုးဝင်း၊ ဒေါ်မြရှင်၊ ဦးသာဒွန်းနဲ့ ဦးအောင်သက်ဝင်းတို့ရဲ့ အိမ်တွေပါဝင်ပြီး ဆိုင်ကယ်တစီးနဲ့ ငွေကျပ် ၃ သိန်းပါပါသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အမတ – ၃၁၄ တပ်ရင်းက လက်နက်ကြီးနဲ့လှမ်းပစ်လို့ အသက်ခုနှစ်ဆယ့်ခုနှစ်နှစ်အရွယ် အဘွားတဦးရဲ့ အိမ်ပျက်စီးသွားသလို ရွာသားတဦးဖြစ်တဲ့ စောချစ်သူကိုလည်းဖမ်းဆီးပြီး အပြင်းအထန်ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၁၀ ရက်ကနေ ၁၂ ရက်အထိ ရွာထဲမှာနေထိုင်မွှေနှောက်ခဲ့ပြီး ၁၃ ရက်မှာရွာထဲကနေ ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


