သတင်းထောက်တွေရဲ့ သတင်းရယူပိုင်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အဖွဲ့အစည်းအသီးသီးက လေးစားလိုက်နာကြဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA က မေလ ၃ ရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးဝါးစွာရှိနေသေးတယ်လို့လည်း လွတ်လပ်သောမြန်မာသတင်းစာ ဆရာများ အစည်းအရုံး (IMJA)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းကစပြီး ဒီနေ့ အထိ ၄ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နယ်စည်းမထားသတင်းထောက်များအဖွဲ့ (Reporter Without Border-RSF) ကထုတ်ပြန်ထားတဲ့ ၂၀၂၅ ခုနစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွေအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာအဆင့် ၁၆၉ မှာရှိနေပါတယ်။
သတင်းသမားများကာကွယ်ရေးကော်မတီ (Committee to Protect Journalists – CPJ) ရဲ့၂၀၂၅ ခုနှစ် အချက် အလက်တွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေ ဖမ်းဆီးခံရမှု တတိယအများဆုံး နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိစစ်ကောင်စီဟာ သတင်းသမား ၂၀၀ ဦးကျော်ကိုဖမ်းဆီးခဲ့ပြီး၊ ယနေ့အချိန် အထိ နိုင်ငံတဝှမ်းက အကျဥ်းထောင်တွေမှာ သတင်းသမား ၄၇ ဦးအကျဥ်းကျခံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့လက်ချက်နဲ့ သတင်းသမား ၇ ဦးသေဆုံးခဲ့ရတယ်လို့ IMJA က ဆိုပါတယ်။
ဓါတ်ပုံ – Reuters