Homeပြည်တွင်းသတင်းသတင်းလိမ်လည်နေတဲ့ စစ်ကောင်စီ လော်ဘီတွေကို အရေးယူမယ်လို့ NUG ပြော

သတင်းလိမ်လည်နေတဲ့ စစ်ကောင်စီ လော်ဘီတွေကို အရေးယူမယ်လို့ NUG ပြော

၁၆ မေ၊ ၂၀၂၅

စစ်ကောင်စီအတွက် သတင်းမှန်ကို ဖုံးကွယ်လိမ်ညာ ဝါဒဖြန့်နေတဲ့လော်ဘီတွေကို အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

စစ်အုပ်စုကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေမှာ အဓိကတာဝန်ရှိသူ စစ်ခေါင်းဆောင်တွေ၊ အမိန့်ပေးစေခိုင်းသူ အရာရှိတွေ၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်သူ လေယာဉ်မှူးတွေ ၊အကြမ်းဖက် တပ်ဖွဲ့ဝင်တွေ၊ ပံ့ပိုးကူညီသူ အားပေးအားမြှောက်ပြုသူတွေနဲ့ သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြတဲ့ စစ်တပ်လော်ဘီတွေ အားလုံးကို ဥပဒေနဲ့ အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာတရားရုံးတွေ၊ နိုင်ငံအလိုက်တရားရုံးတွေမှာ သာမက၊ ပြည်တွင်းတရားဥပဒေတွေနဲ့ ပါ တရားမျှတမှုဖော်ဆောင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG က ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် ကနေ ၂၀၂၅ မေလ ၁၂ ရက်အထိ အတွင်းမှာ စစ်အုပ်စုဟာ ရန်ကုန်နဲ့နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၂၆၇၉ ခု ပြုလုပ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်တွေ အတွင်း ပြည်သူ ၃၀၄၃ ဦး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄၁ ဦးပါဝင်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၂၄၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၉၆ ခုနဲ့ ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ကျူးလွန်မှုတွေကို စစ်တပ်ပိုင် MRTV, MWD တို့ကတဆင့် ဗြောင်ကျကျ ငြင်းဆန်တဲ့ သတင်းမှားတွေ ထုတ်လွှင့်ပြီး ဖြစ်စေ၊ စစ်တပ်လော်ဘီတွေကို ငွေများစွာအသုံးပြုပြီး သတင်းတုတွေ၊ ပုံဖျက်ထားတဲ့ အချက်အလက်တွေ ဖြန့်ချီပြီး ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို NUG ကထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ အဆိုပါ တိုက်ခိုက်မှုတွေ အတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ မေလ ၁၅ ရက်မှာ NUG က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

Most read