Homeပြည်တွင်းသတင်းသတင်းထောက်အမျိုးသမီးနဲ့ ပါတနာဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အမှုဖွင့်ပေမယ့် မြို့နယ် ပလဖက အာမခံနဲ့ပြန်လွှတ်ပေး

သတင်းထောက်အမျိုးသမီးနဲ့ ပါတနာဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အမှုဖွင့်ပေမယ့် မြို့နယ် ပလဖက အာမခံနဲ့ပြန်လွှတ်ပေး

၁၇ ဒီဇင်ဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်က အမျိုးသမီးသတင်းထောက် မငြိမ်းချမ်းစုကြည်(ခ) ငြိမ်းချမ်းမေနဲ့ သူ့ရဲ့ ပါတနာဖြစ်သူ Transgender အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ဝင်းကျော်ဆိုသူကို ကာယကံရှင်တွေက အရာတော်မြို့နယ်၊ ပလဖမှာ အမှုဖွင့်ထားပေမယ့် မြို့နယ်ပလဖက အာမခံနဲ့ ပြန်ပြီး လွှတ်ပေးလိုက်တယ်လို့ ဒီဇင်ဘာလ ၁၆ ရက်က မငြိမ်းချမ်းမေ ရေးသားပြောဆိုမှုအရ သိရပါတယ်။

ဖြစ်စဉ််မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီက မငြိမ်းချမ်းမေဟာ ဒေသတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးဖွင့်ထားတဲ့ Starlink အင်တာနက်ဆိုင်မှာ သတင်းရေးသားပေးပို့ခြင်းများ လုပ်နေတုန်း ဝင်းကျော်ဆိုသူ ရောက်လာပြီး သတင်းထောက်အလုပ်၊ သတင်းဌာနကို စော်ကားလှောင်ပြောင် ရန်စပြောဆိုခဲ့ပါတယ်။ မငြိမ်းချမ်းမေရဲ့ ပါတနာဖြစ်သူ မသော်သော်ရောက်လာတဲ့အခါမှာ လိင်နဲ့ပတ်သတ်တဲ့ မိုက်ရိုင်းစော်ကားတဲ့စကားတွေကို ပြောဆို ရန်စပြီး ထိုင်နေတဲ့စားပွဲခုံကနေ ဆိုင်ပြင်အထိ ဆံပင်ကို ဆွဲဆောင့်ကာခေါ်ထုတ်ပြီး ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ PDF ရဲဘော်တွေအပြင် တပ်ရင်းမှူးတစ်ဦးရှိနေပေမယ့် ဝင်ရောက်ဆွဲခြင်းမပြုဘဲ မငြိမ်းချမ်းမေနဲ့ အနီးအနားက အမျိုးသမီးကြီးတစ်ဦးက အကူအညီ အော်ဟစ်တောင်းမှသာ လာရောက်ဆွဲကြတယ်လို့ မငြိမ်းချမ်းမေက လူမှုကွန်ယက်မှာ ဖြစ်စဉ်ကို ရှင်းပြထားပါတယ်။ ဝင်ပြီး ဖြန်ဖြေပြီး အမျိုးသမီး ၂ ဦးကို ထိပါး စော်ကားတဲ့ ဝင်းကျော်ကို အရေးမယူဘဲ မငြိမ်းချမ်းမေနဲ့ ပါတနာဖြစ်သူတို့ကိုသာ ဆိုင်ထဲက ထွက်သွားခိုင်းခဲ့တယ်လို့လည်း မငြိမ်းချမ်းမေက ရေးသား ပြောဆိုပါတယ်။

အခုလို အမျိုးသမီးတစ်ဦး နှင့် Transgender အမျိုးသမီးတစ်ဦးကို ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ ဝင်းကျော်ဆိုသူကို အရာတော်မြို့နယ် ပလဖ ရုံးမှာ တိုင်ချက်ဖွင့်ထားပြီး ပုဒ်မ ၂၉၄ နဲ့ ပုဒ်မ ၃၂၃ တို့နဲ့ အမှုဖွင့်ပေးမယ်လို့ ပြောဆိုထားကြောင်း မငြိမ်းချမ်းမေက ရေးထားပါတယ်။ ဒါပေမယ့် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းမှာတော့ ဝင်းကျော်ဆိုသူကို မြို့နယ် ပလဖက ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ စပြီးအမှုဖွင့်စဉ်မှာထဲက အာမခံပေးနိုင်တဲ့ ပုဒ်မတွေပဲတပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ တိုင်ချက် ပြောစကားနဲ့ ဖြစ်စဉ်ပြောပြချက်ကိုလည်း မြို့နယ် ပလဖတာဝန်ခံက သေချာနားမထောင်ခဲ့ပါ။ တိုင်ချက်ယူစဉ်ကလည်း သူတို့ဖက်က ဥပဒေနားလည်တဲ့သူက လက်ခံပြီး ယူခဲ့တာ မဟုတ်ပါဘူး။ အဲ့ဒီအချိန်မှာ တင်သင့်တဲ့ ပုဒ်မ ၁ ခုလိုသွားတာပါ။ မြို့နယ် ပလဖက အာမခံနိုင်တဲ့ပုဒ်မ ၂ ခုပဲ တပ်ပေးခဲ့တာဖြစ်လို့ ဒီနေ့ပဲ တရားခံကို ပြန်လွှတ်လိုက်တာပါ။ ဘယ်မျက်မြင်သက်သေကိုမှလည်း အခြေအနေ မေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။” လို့ တရားလိုဖြစ်သူ မငြိမ်းချမ်းမေက ရေးသားပြောဆိုပါတယ်။

ဖြစ်စဉ်ကို သေချာနားထောင်ပေးခြင်းမရှိဘဲအရာတော်မြို့နယ် ပလဖက တရားခံရဲ့ ပြောစကားအတိုင်း ပြောဆိုနေတယ်လို့လည်း သူမက ဆိုပါတယ်။ တရားခံကို အာမခံနဲ့ လွှတ်ပေးထားတဲ့ မြို့နယ်ပလဖတွေက မငြိမ်းချမ်းမေရဲ့တိုင်ကြားမှုကိုတော့ ခရိုင်ရဲလက်အပ်ရမှာ ဖြစ်ပြီး ခရိုင်ရဲက ပြစ်မှုမြောက်တယ်လို့ ဆုံးဖြတ်မှသာ အမှုဖွင့်လို့ရမယ်လို့ ပြန်လည်ပြောဆိုထားတယ်လို့ သိရပါတယ်။

ဝင်းကျော်ဆိုသူမှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး အရင်ကလည်း တခြားဒေသတွေမှာ အခုလို ပြဿနာမျိုးတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့ လူမှုကွန်ယက်သုံးစွဲသူတွေက ပြောဆိုထားပါတယ်။ မငြိမ်းချမ်းမေရဲ့ သတင်းဌာနအပါအဝင် တခြားလူမှုအဖွဲ့အစည်းတွေကလည်း အမျိုးသမီးတွေကို အကြမ်းဖက်တဲ့လုပ်ရပ်ကို ရှုတ်ချဝေဖန်နေကြပြီး NUG က အမြန်ဆုံးအရေးယူသင့်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read