Homeပြည်တွင်းသတင်းသင်္ဃန်းကျွန်းမြို့နယ် တိုက်ခန်းမီးလောင်မှု အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး မီးခိုးမွှန်မေ့မျော

သင်္ဃန်းကျွန်းမြို့နယ် တိုက်ခန်းမီးလောင်မှု အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး မီးခိုးမွှန်မေ့မျော

၂၂ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၅ နာရီခန့်က တိုက်ခန်းမီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးကာ အခြားအမျိုးသား ၁ ဦး မီးခိုးမွှန်မေ့မျောခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဟာ တိုက်ခန်း ပထမထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တိုက်ခန်းအတွင်း ပိတ်မိနေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ ထို့အပြင် မီးလောင်တဲ့ တိုက်ခန်းအပေါ်ထပ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးလည်း မီးခိုးမွှန်ပြီး မေ့မျောခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“မီးက များပါတယ်။ တိုက်ခန်းဆိုတော့ မီးခိုးတွေ ပိတ်ပြီး မီးသတ်က ချက်ချင်း အပေါ်ကို မတက်နိုင်ကြဘူး။ သေဆုံးသူက မီးခိုးမွှန်ပြီး မီးလောင်သေတာပါ။ အပေါ်ထပ်က တစ်ဦးကတော့ မီးခိုးမွှန်ပြီး မေ့သွားတာ။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မီးသတ်ဘက်က စစ်ဆေးနေဆဲပါ” လို့ ၎င်းက ဆိုပါတယ်။

ဒီနေ့အတွင်းပဲ တောင်ဒဂုံနဲ့ လှည်းကူးမြို့နယ်တွေမှာလည်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလအတွင်း မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားနေကာ လူသေဆုံးမှုတွေပါ ရှိလာနေပါတယ်။

မကြာသေးခင်ကလည်း သမိုင်းမြို့နယ်အတွင်း ကုန်စုံဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း အသက် ၆၀ ကျော်အရွယ် ညီအစ်မ နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ – အေးမြဖြူစင် လူမှုကူညီရေးအသင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး