Homeပြည်တွင်းသတင်းသင်္ကြန်ကာလအတွင်း စစ်ကောင်စီက ဘုန်းကြီးကျောင်း ၆ ကျောင်းကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့

သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ဘုန်းကြီးကျောင်း ၆ ကျောင်းကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့

၂၀ ဧပြီ၊ ၂၀၂၅

စစ်ကောင်စီဟာ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ပြီး သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီလေတပ်ဟာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညပိုင်းမှာ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနဲ့ မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်မှာတော့ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာမှာ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး ပြည်သူတွေထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နောက်တခါ သင်္ကြန်အကျနေ့မှာပဲ နွားထိုးကြီး ရေလည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ကိုရင်ငယ် ၁ ပါးနဲ့ သံဃာတော် ၁ ပါး အပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရပြီးဘုန်းကြီးကျောင်း ပျက်စီးခဲ့ပါတယ်။

ဧပြီ ၁၅ ရက်သင်္ကြန်အကြတ်နေ့ မှာ ကျုံဒိုးမြို့၊ ကမ်းနီ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး သံဃာ ၄ ပါး အပါအဝင် ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

သင်္ကြန်အကြတ်နေ့မှာပဲ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ်ကနေ အသက် ၁၅ နှစ်အရွယ်အထိ ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ပါတယ်။

နှစ်ဆန်း ၁ ရက်နေ့မှာတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဆန်း ၁ ရက်နေ့ မှာလည်း စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်အရှေ့ပိုင်း မစိုးရိမ်ကျောင်းတိုက်အနီးကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read