ဝေဖန်ခံရမှုတွေရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဧပြီလ ၉ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို တွေ့ဆုံမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ပေမယ့် ငလျင်သင့်ပြည်သူတွေကို ပူးပေါင်းကူညီပေးရေးဆိုတာကလွဲလို့ အခြားဘယ်အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတာတော့ မထုတ်ပြန်ပါဘူး။ ဒီတွေ့ဆုံမှုကို ငလျင်ကြောင့် ပျက်စီးနေတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးရုံံးရှေ့မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဧပြီလ ၃ ရက်မှာတော့ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်မှာ ငြိမ်ချမ်းရေးနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိကို အမြန်ဆုံးစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိချက်တွေကို အများပြည်သူကို အသိပေးချပြဖို့ အရပ်ဖက် အဖွဲ့အစည်း ၂၉၀ က လက်မှတ်ရေးထိုး အိပ်ဖွင့်ပေးစာပေးပို့ခံထားရသူဖြစ်ပါတယ်။
ကုလအထူးကိုယ်စားလှယ်ရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ Shenghe Resources နဲ့ China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ဒါမှမဟုတ် အတည်ပြုထားတဲ့ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေ ဆက်နွှယ်နေတယ်လို့သိရပါတယ်။
မစ္စ ဂျူလီ ဘိရှော့ ရဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွှယ်နေမှုဟာတရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရှိရမယ့် သမာသမတ်ကျမှုနဲ့ လွတ်လပ်အမှီအခိုကင်းမှုအပေါ် စိုးရိမ်မှုတွေ ဖြစ်စေတယ်လို့ဆိုပါတယ်။