၉ ဖေဖော်ဝါရီ၊ ၂၀၂၅
အာရက္ခတပ်တော်(AA)နှဲ့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ရင်း ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်နယ်အလံလွှင့်ထူနိုင်ခဲ့ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetletက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၈ရက်က ထုတ်ပြန်တဲ့ သတင်းမှာ ဓာတ်ပုံနဲ့ အတူ ဖော်ပြထားတာ ဖြစ်ပြီး မဟာမိတ်ဖြစ်တဲ့ AAနဲ့ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ကျေးဇူးတင်စကား ပြောဆိုထားပါတယ်။ CDF Kanpetlet ရဲ့ ထုတ်ပြန်ချက်မှာ “စိန်ခေါ်မှုများစွာ/အခက်ခဲများစွာကြားက မဟာမိတ်အာရက္ခတပ်တော် (AA)နဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေရဲ့ ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့် အောင်မြင် ခြင်း မှတ်တိုင်တစ်ခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ကြ တာဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။
၂၀၂၂ ခုနှစ်က ဖြေကြားခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ” ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ချင်းပြည်အတွက် ဝိတိုရိယ(Mt.Victoria)တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့ ကူညီပေးမယ် ” လို့ ပြောဆိုဖူးပါတယ်။
AAက ၁၀၂၇ စစ်ဆင်ရေးမှာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပလက်ဝမြို့ကို ထိန်းချုပ်ထားပါတယ်။ ချင်းညီနောင်တပ်တွေဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး မင်းတပ် ၊ မတူပီ ၊ မကွီအိမ်နူး ၊လိုင်လင်းပီ ၊ ဝေဘူလ ၊ကန်ပက်လက် နဲ့ ကျင်ဒွေးမြို့ တို့ကို သိမ်းပိုက်ထားပါတယ်။
ဓာတ်ပုံ – CDF Kanpetlet