ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မှာရွေးကောက်ပွဲ ပျက်ပြားစေဖို့ လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသားနှစ်ဦးကို စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ မနက် ၆ နာရီကျော်လောက်က လှုံ့ ဆော်စာတွေ ရေးထားတဲ့ စတေကာတွေကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းကျေး ရွာ၊ ကျန်စစ်သားလမ်း နဲ့ ဦးဖိုးလှိုင် လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်မှာ ကပ်တယ်လို့ စွပ်စွဲထားပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ရဲတွေက သွား ရောက် စစ်ဆေးခဲ့ရာမှာ လမ်းညွှန်ဆိုင်းဘုတ်ပေါ်မှာ အလျား ၄ လက် မ၊ အနံ ၄ လက်မလောက်ရှိ နောက်ခံ အနီရောင်ပေါ်မှာ အဝါ ရောင်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လှုံ့ဆော်ရေးသားထားတဲ့ စာသားပါ စတေကာတစ်ရွက် နဲ့ အနက်ရောင် မဲပုံးပေါ်မှာ ကျည်ဆံပုံသဏ္ဍာန်တွေပါ စတေကာတစ်ရွက်တို့ ကပ်ထားတာကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၆) ရပ်ကွက်နေသူတွေ ဖြစ်တဲ့ အောင်ရဲထွဋ် (ခေါ်) ရဲထွဋ် နဲ့ ရန်နိုင်ကြည်ဝင်း (ခေါ်) ရန်နိုင်(ခေါ်) အကြီးကောင်တို့ကို စက်တင်ဘာ ၁၈ ရက်၊ ညနေပိုင်းက သူတို့နေအိမ်တွေကနေ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သူတို့ကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၈၁၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက် ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က) နဲ့အမှုဖွင့်ပြီး ဖော်ထုတ်ဖမ်းမိရေး ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


