၇ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ်နှစ်ဦးဟာ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက တိုက်ပေါ်ကနေ ခုန်ချထွက်ပြေးခဲ့ကြရာ တစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲ့ဒီလူငယ်နှစ်ဦးဟာ လှိုင်မြို့နယ်၊ ရွှေဟင်္သာလမ်းမှာရှိတဲ့ ၄ ထပ်တိုက် အုပ်ချုပ်ရေးမှူးရုံးရဲ့ အပေါ်ဆုံးထပ်မှာ အချုပ်ခန်းပုံစံနဲ့ ပြုလုပ်ထားတဲ့ နေရာကနေ ခုန်ချထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ခုန်ချခဲ့ချိန်မှာ လူငယ်တစ်ဦးဟာ ခါးရိုးကျိုးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကျန်လူငယ်တစ်ဦးကတော့ လက်တစ်ဖက်ကျိုးဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒေသခံတွေ ပြောကြားချက်အရ လှိုင်မြို့နယ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ လမ်းသွယ်တစ်ဖက်ပိတ်အတွင်း တည်ရှိပြီး လူငယ်တွေကို ရမ်းသမ်းဖမ်းဆီးကာ အဲ့ဒီတိုက်ရဲ့ အပေါ်ဆုံးထပ်မှာ ချုပ်နှောင်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို နောက်ပိုင်းမှာတော့ စစ်ကော်မရှင်ဘက်က စစ်မှုထမ်းသင်တန်းကျောင်းတွေကို ဆက်လက်ပို့ဆောင်လေ့ရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။


