Homeပြည်တွင်းသတင်းလှိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သိန်းနှစ်သောင်းခွဲကျော်တန်ဖိုးရှိတဲ့ ရွှေငါးပိဿာနဲ့ ငွေသိန်း ၅၀ လုယက်မှုတရားခံများ ဖမ်းမိ

လှိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သိန်းနှစ်သောင်းခွဲကျော်တန်ဖိုးရှိတဲ့ ရွှေငါးပိဿာနဲ့ ငွေသိန်း ၅၀ လုယက်မှုတရားခံများ ဖမ်းမိ

၂၅ အောက်တိုဘာ၊ ၂၀၂၄

လှိုင်မြို့နယ်၊ အေးရိပ်မွန်အိမ်ယာမှာ ဖြစ်ပွားခဲ့တဲ့ သိန်း နှစ်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း ၅ ပိဿာကျော်နဲ့ ကျပ်သိန်း ၅ဝ ကို သေနတ်ပြခြိမ်းခြောက်ရိုက်နှက်ပြီး လုယက်သူ သုံးဦးကို သက်သေခံပစ္စည်းတွေ၊ ငွေတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်မှာ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်မှာဖွင့်ထားတဲ့ “မြရွှေယုံ” ရွှေဆိုင်က ရွှေထည်ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားနီးပါးနဲ့ ကျပ်သိန်း ၅၀ တို့ကို သံသေတ္တာ သုံးလုံးနဲ့ သိမ်းဆည်းပြီး ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်တဲ့ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ သယ်ဆောင်လာတုန်း လှိုင်မြို့နယ်၊ အေးရိပ်မွန်အိမ်ယာ ရွှေဆိုင်ပိုင်ရှင်နေအိမ်ရှေ့အရောက်မှာ မော်တော်ယာဉ်တစ်စီးနဲ့ အမျိုးသားလေးဦး ရောက်ရှိကာ သေနတ်တစ်ချက်ပစ်ခတ်ပြီး ယာဉ်မောင်းကို ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံးမှန်ကို တူနဲ့ထုပြီး ရွှေထည်ပစ္စည်းနဲ့ ငွေတွေ ထည့်ထားတဲ့ သေတ္တာသုံးလုံးကို လုယူထွက်ပြေးသွားတဲ့အတွက် ပိတောက်ချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲမှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံမှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မြေနီကုန်းဈေးလမ်း၊ တိုက်အမှတ်(၄၁)၊ (၄)လွှာ၊ အခန်း(4A)နေ မသက်ထားခိုင်(ခ)ရည်မွန်အေးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာသူမ လွယ်ထားတဲ့ ဘေးလွယ်အိတ်မှာ လုယက်ခံထားရတဲ့ ပလက်တီနမ်ရွှေဖြူဆွဲကြိုး ရှစ်ကုံးနဲ့ ကျပ် ၁၀ သိန်းတို့ကို တွေ့ရပြီး ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်က ရောင်းချခိုင်းလိုက်တယ်လို့ သိရလို့ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူး တစ်လက်၊ S&WL ကျည် ကိုးတောင့်၊ ကျည်ခွံတစ်ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းကျပ်၊ လုယက်မှုကျူးလွန်ရာက ရရှိခဲ့တဲ့ ရွှေထည်ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့ကို ထက်အောင်ခိုင်ရဲ့ ဝန်ခံမှုကြောင့် ဆက်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လုယက်မှုကျူးလွန်ရာမှာပါဝင်တဲ့ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ ကျော်ကြီး(ခ) ကျော်ဇင်ဟိန်း နဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၈) ရပ်ကွက်နေ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီးတို့ကိုလည်း အသီးသီးဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read