Homeပြည်တွင်းသတင်းလှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ စစ်တပ်ရှေ့တွင် ကားနှစ်စီးတိုက်မိ ၄ ဦးသေဆုံး၊ ၁၄ ဦး ပြင်းထန်ဒဏ်ရာရ

လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ စစ်တပ်ရှေ့တွင် ကားနှစ်စီးတိုက်မိ ၄ ဦးသေဆုံး၊ ၁၄ ဦး ပြင်းထန်ဒဏ်ရာရ

၃ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာရှိ စစ်တပ်တစ်ခုရှေ့မှာ ကားနှစ်စီးတိုက်မိမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးကာ လူ ၁၄ ဦးကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သင်္ကန်းကျွန်း–ပဲခူး လမ်းကြောင်းကို ပြေးဆွဲနေတဲ့ ထာဝရလိုင်း ခရီးသည်တင်ကားတစ်စီးနဲ့ စက်ရုံအလုပ်သမားတွေကို ကြိုပို့နေတဲ့ ဖယ်ရီကားတစ်စီး တိုက်မိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကားနှစ်စီးလုံးမှာ လူတွေ သေဆုံးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေပါနေတယ်။ ယာဉ်ထိန်းရဲတွေလည်း ရောက်နေပြီး ဆေးရုံရောက်ပြီးမှ သေဆုံးသွားသူတွေလည်း ရှိတယ်လို့ ကြားရတယ်” လို့ ပဲခူး–ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ကနဦးအနေနဲ့ လှည်းကူးဆေးရုံကို ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ မြောက်ဥက္ကလာပဆေးရုံကို ထပ်မံလွှဲပြောင်း ကုသခဲ့ရတယ်လို့ Hlegu Network Ambulance Group ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိအချိန်အထိ ဖယ်ရီကားပေါ် လိုက်ပါလာတဲ့ ဒဏ်ရာရသူတွေထဲက နောက်ထပ် သေဆုံးမှုတွေ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီအချက်အလက်ကို New Day Myanmar က ဆက်လက် စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဖြစ်စဉ်နေရာကို Hlegu Network Ambulance Group နဲ့အတူ လှည်းကူး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မှော်ဘီ စတဲ့ မြို့နယ်တွေက ကြက်ခြေနီအသင်းတွေ၊ မိတ်ဖက် ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Hlegu Network Ambulance Group

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး