Homeပြည်တွင်းသတင်းလွိုင်ကော်မြို့အရှေ့ခြမ်းက စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက် ၊ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

လွိုင်ကော်မြို့အရှေ့ခြမ်းက စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက် ၊ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

မိုးသဲ

၁ ဒီဇင်ဘာ၊ ၂၀၂၄

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာရှိတဲ့ ဆင်စခန်းစစ်ရှောင်စခန်းကို စစ်ကောင်စီက နှစ်သစ်ကူးကာလမှာ ဗုံးကြဲတိုက်ခိုက်ပြီး တစ်နှစ်ကျော်ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ကျောင်းသူတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးသုံးကြိမ် လာရောက်ကျဲတဲ့အတွက် တစ်နှစ်ကျော်အရွယ်ကလေးငယ်နဲ့ အဒေါ်ဖြစ်သူမှာ ဗုံးစထိမှန် ဒဏ်ရာရရှိပြီး ကလေးငယ်ရဲ့ မိခင်ဖြစ်သူမှာ ဗုံးဒဏ်ကြောင့် နေရာမှာတင် ကွယ်လွန်ခဲ့ပါတယ်။ စခန်းမှာရှိတဲ့ ကျောင်းသူတစ်ဦးအပါအဝင် ၄ ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရခဲ့တဲ့အတွက် ဆေးကုမှုခံယူနေရပါတယ်။

“ကလေးအမေက ပွဲချင်းပြီး သေဆုံးတယ်။ ကလေးကတော့ ဗုံးစမှန်ပြီး ဒဏ်ရာပြင်းလို့ နောက်နေ့မှာ ဆုံးတယ်။ သူ့အဒေါ်လည်း ဆုံးတယ်။ ထိတဲ့ ကျောင်းသူလေးကလည်း အခြေအနေ စောင့်ကြည့်ရတဲ့အနေအထားမှာ ရှိတယ်လို့ ကြားတယ်။ ထပ်ပြီး အသေးစား ဒဏ်ရာရထားသူတွေလည်း ရှိတယ်လို့ ပြောကြတယ်။ စစ်တပ်က စစ်ရှောင်စခန်းတွေကို အဓိကထားပြီး တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ မြင်တယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူတွေ၊ ဒေသခံပြည်သူတွေကို ရက်ရက်စက်စက်နှိပ်ကွပ်သတ်ဖြတ်နေတာဖြစ်ပြီး ဘန်ကောက်စစ်ရှောင်စခန်းကိုလည်း နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်လာတဲ့ ထော်လာဂျီယာဉ်ကိုလည်း ဒရုန်းသုံးစင်းသုံးပြီး ဗုံးသီးတွေကြဲချခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးအပါ ၂ ဦးသေဆုံးပြီး လူ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ နိုဝင်ဘာလကုန်ထိ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၅၃၇ ဦးရှိပြီး စစ်ဘေးရှောင်နေတုန်း သေဆုံးရသူ ၁၇၀ဦး ထိရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read