၂၀၂၅ခုနှစ်၊ ဧပြီလ ၁၇ရက် နေ့မှာ ကျရောက်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တဲ့ အကျဉ်းသူ၊သားတွေအတွင်း နိုင်ငံရေးအကျဉ်းသူ/သားများ ၁၃ ဦးသာ လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
စစ်ကောင်စီကပေးတဲ့ လွတ်ငြိမ်းသက်သာခွင့်အတွင်း လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ/သား တွေ အနေနဲ့ ပြည်ထောင် မှ အမျိုးသမီး ၄ဦး၊အမျိုးသား ၅ဦး၊ သာယာဝတီထောင် မှ အမျိုးသမီး ၂ဦး၊ ပခုက္ကူ ထောင်မှ နိုင်ကျဉ်း၂ဦး သာလွတ်မြောက်ခဲ့ကြောင်းနဲ့ သရက်ထောင်မှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား မရှိဘူလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်က မတရားဖမ်းဆီးထားတဲ့ ပုဒ်မ ၅၀ည၊ ပုဒ်မ ၅၂ ၊ သေဒဏ်၊ ထောင့်တစ်သက်စတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေ လွတ်ငြိမ်းသက်သာခွင့်ထဲတွင် မပါဝင်ကြောင်း ကနဦးအနေနဲ့ စုံစမ်းသိရှိထားတယ်လို့လည်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့က ဆိုပါတယ်။
ဆက်လက်ပြီး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အချို့ နဲ့ တခြားအမှုတွေကို လွတ်ငြိမ်း သက်သာခွင့်ပေးသော်လည်း နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ နည်းပါးနေကြောင်းနဲ့ စစ်ကောင်စီ တပ် ကပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွင်လည်း ၆ပုံ ၁ပုံ ပေးသည်ဟုထုတ်ပြန်ထားပေမယ့် အမှန်မှာ ပြစ်ဒဏ် ကျခံ ရန် ကျန်ရှိကာလရဲ့ ၆ပုံ ၁ပုံကိုသာ ပေးခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်
ဓာတ်ပုံ – NDM