၉ ဇန်နဝါရီ၊ ၂၀၂၅
ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်မီးအလုံအလောက် မရရှိပေမယ့် မီးလောင်မှုတွေ အရင်ကထက် ပိုပြီး များပြားလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်တဲ့သတင်းတွေအရ သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်တွေမှာ သုံးစွဲသူတွေရဲ့ ပေါ့ဆခြင်းကြောင့် အများဆုံးဖြစ်ကြောင်းနဲ့ သုံးစွဲသူတွေဟာ လျှပ်စစ်မီးပြတ်တောက်ချိန်မှာ အမှုမဲ့အမှတ်မဲ့နေထိုင်ခဲ့တဲ့အတွက် မီးလာတဲ့အချိန်မှာ မီးလောင်ရခြင်းဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
“ရန်ကုန်မှာက မီးလောင်တာ အရင်ထက်ပိုများလာတယ်။ မီးလောင်ရတဲ့အကြောင်းရင်းက အမျိုးမျိုးရှိတာပေါ့။ ကွာလတီမမီတဲ့ ဝိုင်ယာကြိုးတွေကြောင့်လည်း အများဆုံးလောင်တယ်။ လူတွေရဲ့အမှုမဲ့အမှတ်မဲ့နေထိုင်မှုကြောင့်လည်း လောင်တာပါတယ်။ ဒီနောက်ပိုင်းလောင်တဲ့ဖြစ်စဉ်တွေက အပူလွန်ကဲတာကြောင့်ဖြစ်တာအများဆုံးပဲ။ မီးလာတဲ့အချိန်ကျမှ အလုအယက် လုပ်ကြရတာဆိုတော့ အပူချိန်တွေမြင့်တက်လာတာပေါ့။ တိုက်ခန်းနဲ့နေတဲ့သူတွေဆို ရေအလုအယက်တင်ရတာတွေရှိတယ်။ တစ်တိုက်ထဲမဟုတ်ဘဲ အကုန်လုံးက လုပြီးလုပ်နေကြရတာဆိုတော့ ပိုဆိုးတာပေါ့” လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ဦးစီးအရာရှိတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။
မီးသတ်ဌာနကဖော်ပြထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မီးလောင်မှုဖြစ်စဉ် ၃၈ မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်တွင် ၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ ဇန်နဝါရီ ၁ ရက်က ၈ ရက်အထိ ရန်ကုန်မြို့ပေါ်မှာ မီးလောင်မှုဖြစ်စဉ် ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုသည် ဝိုင်ယာရှော့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ပေါ်မှာ တစ်ရက်မှာ လေးနာရီသာ လျှပ်စစ်မီးရရှိပြီး ညအိပ်ချိန် မနက်တစ်နာရီမှသာ လျှပ်စစ်မီးရရှိတဲ့အတွက် ညသန်းခေါင်ယံအချိန် ချက်ပြုတ်ခြင်း၊ ရေတင်ခြင်းတွေကို အလုအယက်ပြုလုပ်နေရပြီး ဝိုင်ယာရှော့ဖြစ်တာ၊ အပူလွန်ကဲတာကြောင့် မီးလောင်တာတွေ ပိုပြီး များပြားလာတယ်လို့ အဆိုပါအရာရှိက ဆက်ပြီး ပြောဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်မှာ ဝိုင်ယာရှော့ဖြစ်ပြီး ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၂၃လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့သလို ဇန်နဝါရီ ၈ရက်မှာလည်း မြောက်ဥက္ကလာပမြို့နယ်မှာ အပူလွန်ကဲရာက မီးလောင်မှု တစ်ရက်တည်း နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းမေးမြန်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Myanmar Fire Services Department