၁၁ ဖေဖော်ဝါရီ၊ ၂၀၂၅
လျှပ်စစ်မီးနာရီပိုင်းပဲပေးနိုင်ပေမယ့် လျှပ်စစ်မီတာခတွေ ထပ်ပြီးတိုးကောက်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကနေ စုံစမ်းသိရှိရပါတယ်။
ပြည်သူတွေကို လျှပ်စစ်မီးမှန်မှန်ပေးနိုင်ဖို့ဆိုရင် ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်တွေကိုပြုပြင်ဖို့နဲ့ လျှပ်စစ်ဝန်ထမ်းတွေက အသက်နဲ့ရင်းပြီး ပြုပြင်ရသလို ပြည်ပကနေ ဝယ်ယူရတဲ့အတွက် လျှပ်စစ်မီတာခကို တိုးပြီး ကောက်သွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ရှိမှာ လျှပ်စစ်မီးကို တနေ့လျှင် လေးနာရီသာပေးနိုင်ပြီး စက်မှုဇုန်တွေကို တော့ လျှပ်စစ်မီးလုံးဝဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
” အခုပြင်လို့ကောင်းသွားတဲ့ တာဝါတိုင်တွေရှိတယ်။ ပြီးတော့ ပြည်ပကနေလျှပ်စစ်ဝယ်ယူရတာတွေရှိတယ်။ အဲဒါတွေကာမိဖို့အတွက် လျှပ်စစ်မီတာခကို ထပ်တိုးကောက်မှာပေါ့။ ပြည်ပကနေဝယ်တဲ့ဟာက စက်မှုဇုန်တွေကို ပေးသွားမယ်။ အခုလောလောဆယ်ကတော့ အိမ်သုံးတွေကိုပဲ ဦးစားပေးနေတယ်။ နောက်ဘဏ္ဍာနှစ်လောက်ကစပြီး တိုးသွားနိုင်တယ်။ တရားဝင်ကြေညာသွားမှာပါ” လို့ စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစတင်ပြီး အိမ်သုံးအမျိုးအစား များအတွက် ၁ မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ပါတယ။
အိမ်သုံးမဟုတ်တဲ့ အမျိုးအစား (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံး တစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့ အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာ ရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ)အတွက် ၁ မှ ၅,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅,၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနှစ်နှင့်အထက် ၅၀၀ ကျပ် ပြင်ဆင်သတ်မှတ်ထားတာဖြစ်ပါတယ်။
ပုံစာ – ရွှေဘိုဓာတ်အားပေးစက်ရုံခွဲ