Homeပြည်တွင်းသတင်းလေးနှစ်အတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးသူ ၆၂၃၁ ဦးထိ ရှိနေကြောင်း OHCHR ပြောဆို

လေးနှစ်အတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးသူ ၆၂၃၁ ဦးထိ ရှိနေကြောင်း OHCHR ပြောဆို

၆ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်အာဏာသိမ်းပြီးတဲ့ လေးနှစ်အတွင်း မြန်မာစစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးရတဲ့ အရပ်သား ၆၂၃၁ ယောက်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး OHCHRက ပြောခွင့်ရ ဂျရမီ လောရန့်စ်က ပြောဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၁၄၄ ယောက်နဲ့ ကလေး ၇၀၉ ယောက်ပါတယ်လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

၂၀၂၄ ခုနှစ်က မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့ အရပ်သားပြည်သူ ၁၈၂၄ ယောက် သေဆုံးပြီး အဲဒီအထဲမှာ အမျိုးသမီး ၅၃၁ ယောက်နဲ့ ကလေး ၂၃၈ ယောက်ပါဝင်တယ်။ ၂၀၂၃ ခုနှစ်မှာ ၁၆၃၉ ယောက်သေဆုံးခဲ့ပြီး ၂၀၂၄ မှာ ပိုများနေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းကို ကိုးကားပြီးပြောဆိုသွားပါတယ်။

၂၀၂၄ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေက အရေအတွက်အရရော ဆိုးဝါး ပြင်းထန်မှုအရပါ တိုးလာတယ်လို့သူက ပြောဆိုပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရုံးရဲ့ သုံးသပ်ချက်တွေအရ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို ခေါင်းဖြတ်သတ်တာ၊ မီးရှို့သတ်ဖြတ်တာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်တာ၊ နှိပ်စက်ညှင်းပန်းတာနဲ့ စစ်မြေပြင်မှာ လူသားတံတိုင်းအဖြစ် အသုံးပြုတာလို လုပ်ရပ်တွေကျူးလွန်ခဲ့ပြီး အပြစ်ပေးအရေးယူခံရတာ မရှိဘူးလို့ သူက ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)၊ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲရဲ့ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာကလည်း ၂၀၂၄ ခုနှစ်မှာ အရပ်သားပြည်သူအသေအပျောက်အများဆုံးလို့ ဆိုပါတယ်။

သူက မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့ အရပ်သားပြည်သူ သေဆုံးမှုအရေအတွက် ၁၁ ရာခိုင်နှုန်း တိုးလာပြီး ၆၃ ရာခိုင်နှုန်းက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးရကြောင်း ၊ ကလေးသူငယ်တွေ သေဆုံးမှု ၂၄ ရာခိုင်နှုန်း ၊ အမျိုးသမီးတွေ သေဆုံးရတဲ့နှုန်း ၆၁ ရာခိုင်နှုန်း တိုးလာကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအံ

ဓာတ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

Most read