Homeပြည်တွင်းသတင်းလေးကေ့ကော်မြို့ စွယ်တော်ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းသိမ်းပိုက်

လေးကေ့ကော်မြို့ စွယ်တော်ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းသိမ်းပိုက်

၁၇ အောက်တိုဘာ၊ ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့၊ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)က စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တွေ မနက် ၄ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းယူလိုက်နိုင်ပြီလို့ သိရပါတယ်။

မနက် ၄ နာရီလောက်က သိမ်းပိုက်နိုင်ပြီး မနက် ၆ နာရီဝန်းကျင်အထိ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကော်ဘရာစစ်ကြောင်းဘက်ကလည်း လေးကေ့ကော် စွယ်တော်ကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ လူမှုကွန်ယက်မှာ ဓာတ်ပုံနဲ့တကွ အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

“တိုက်ပွဲဖြစ်တာတော့ ကြာနေပြီလေ။ တိုက်လိုက်နားလိုက်နဲ့မို့။ ညကတော့ တစ်ညလုံး လေကြောင်းကလည်း ချတယ်။ လက်နက်ကြီးသံတွေလည်း ကြားနေရတယ်။ မနက်ကျတော့သိမ်းလိုက်နိုင်ပြီလို့ ပြောတယ်။ တရားဝင်ကြေညာတာတော့ မတွေ့သေးဘူး။ ကုန်ကားတွေကတော့ တက်ဆင်း မပြတ်သေးဘူး၊ တိုက်ပွဲသံကြားတဲ့အချိန် ရပ်ထားကြ ပြီးရင်ဆက်မောင်းနေကြတာပဲ”လို့ မြဝတီဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စွယ်တော်ကုန်းကို သိမ်းပိုက်နိုင်ရင် ကျန်တဲ့ တပ်စခန်းတွေကိုလည်း အလွယ်တကူ သိမ်းယူနိုင်မယ်လို့ တော်လှန်ရေးတပ်တွေက ခန့်မှန်းနေကြပါတယ်။ စွယ်တော်ကုန်းတပ်စခန်းကို ကော်ဘရာပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၉ရက်မှာ ဖျက်အားပြင်းဗုံးတွေကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တုန်းက စစ်ကောင်စီ လက်နက်တိုက်ကို ထိမှန် ပေါက်ကွဲခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ဖူးပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို KNLA ၊ ကော်ဘရာပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ စစ်ကောင်စီ ခြေကုပ်စခန်းအဖြစ် ကျန်နေတာ ဖြစ်ပါတယ်။ စွယ်တော်ကုန်းတပ်စခန်းကိုအား ကော်ဘရာပူးပေါင်းတပ်တွေက မကြာခဏတိုက်ခိုက်နေပြီး အခုအကြိမ်မှာ အပြီးသတ် သိမ်းယူနိုင်တာ ဖြစ်ပါတယ်။

Photo – ကော်ဘရာစစ်ကြောင်း

ဆက်စပ် သတင်းများ

Most read