၆ ဇန်နဝါရီ၊ ၂၀၂၅
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၅ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန့်တိန်မင်းတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသကို လက်လွှတ်ခဲ့ရပြီး ၁၄ နှစ်ကြာမှ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။
လောက်ကိုင်ဒေသက နောက်ဆုံးလက်ကျန် တပ်စခန်းကြီးဖြစ်တဲ့ နန့်တိန်မင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ထောင်ကျော် လက်နက်ချခဲ့ပြီးနောက်ပိုင်းမှာ လောက်ကိုင်ဒေသ တစ်ခုလုံးကို MNDAAက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဖြစ်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၈၃ဦး သေဆုံးပြီး ၈၀၁ ဦး ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီ တပ်သားက (၉၆၇ ဦး) တစ်ထောင်နီးပါးရှိပြီး ဗိုလ်မှူးချုပ် ခုနစ်ဦး ပါဝင်တဲ့ စစ်ကောင်စီ တပ်သား ၄၆၃၂ ဦး လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ချသူတွေနဲ့အတူ တပ်မိသားဝင် နှစ်ထောင်နီးပါးလည်း MNDAA ထံ ခိုလှုံလာတယ်လို့ ဖော်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဟာ တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ ရပ်တန့်သွားပြီး ရှမ်းမြောက်ဒေသက မြို့ပေါင်း ၁၇ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ခဲ့ပြီး MNDAA က လားရှိုးမြို့ကို ထပ်မံသိမ်းပိုက်ခဲ့သလို TNLA နဲ့ မဟာမိတ်အဖွဲ့တွေက ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို ထပ်မံ သိမ်းပိုက်ခဲ့ပါတယ်။
အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကို သြဂုတ် ၃ ရက်က ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေး အပါအဝင် စစ်သုံ့ပန်း ထောင်နဲ့ချီပြီး MNDAA က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဓာတ်ပုံ – ScreenCapture from the Kokang