ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာဆက်လက်တည်ရှိနေတာကြောင့် တပြည်လုံးအတိုင်းအတာနဲ့ မိုးကြီးခြင်းနဲ့မိုးသက်လေပြင်း တိုက် ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီရဲ့မိုးလေဝသဦးစီးဌာန (ရန်ကုန်ရုံးခွဲ)က ဇွန်လ ၁၆ ရက်မှာအသိပေးထားပါတယ်။
အဲ့ဒီ လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်သလို နောက် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်နဲ့ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကိုရှိလာနိုင်တယ်လို့ အသိပေးချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ခန့်မှန်းထားချက်အရ လာမယ့် (၄၈) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အတွင်းကိုလည်း ရောက်ရှိနိုင် တယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအနေနဲ့ ဇွန်လ ၁၆ ရက်ကစလို့ ဇွန်၂၂ ရက်နေ့အတွင်း တစ်ပြည်လုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနဲ့ မိုးသက်လေပြင်း တိုက်ခတ်ခြင်းတွေ
ဖြစ်ပေါ်နိုင်တယ်လို သိရပါတယ်။
မြန်မာ့ပင်လယ်ပြင်အပေါ် အကျိုးသက် ရောက်နိုင်မှုမှာလည်း ဒီနေ့ကစလို့ ဇွန် ၂၀ ရက်နေ့အတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး ၊ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။
မိုးသက်လေပြင်းကျစဉ်မှာလည်း မြေပြင် ရေပြင်လေဟာ တစ်နာရီမှာ (၃၅) မိုင်ကနေမိုင် (၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ဟာ (၆) ပေမှ (၁၂) ပေခန့်အထိ ရှိနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- မြန်မာ့မိုးလေဝသ (ရန်ကုန်)


