၂၂ ဇန်နဝါရီ ၂၀၂၆
စစ်ကော်မရှင်အနေနဲ့ လေတပ်ကို ခေတ်မီအောင် လေယာဉ်၊ ရဟတ်ယာဉ်၊ မောင်းသူမဲ့လေယာဉ်နဲ့ လက်နက်စနစ်တွေကို ဝယ်ယူဖြည့်တင်းနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောပါတယ်။
ဒီပြောကြားချက်ကို မိတ္ထီလာမြို့ လေကြောင်းအတတ်သင်လေတပ်စခန်းမှာ ဇန်နဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လေယာဉ်မောင်းသင်တန်း ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးထွန်းအောင်က သင်တန်းဆင်းတွေဟာ တန်ဖိုးကြီးမားတဲ့ အဆင့်မြင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို မောင်းနှင်ပြီး စစ်ရေးတာဝန်တွေကို စတင်ထမ်းဆောင်ရတော့မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခေတ်မီနည်းပညာတွေကို အသုံးချနိုင်ဖို့၊ လက်နက်စနစ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ ဆက်လက်လေ့ကျင့်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။
လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၇) မှာ သင်တန်းဆင်းအများအပြားရှိခဲ့ပေမယ့် စစ်ကော်မရှင်ဘက်က အရေအတွက်ကိုတော့ မထုတ်ပြန်သေးပါဘူး။
စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာပဲဖြစ်ပါတယ်။
ပုံစာ – အရပ်သားများကို ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးထွန်းအောင်
ဓါတ်ပုံ – စစ်ကော်မရှင်


