၂၇ နိုဝင်ဘာ၊ ၂၀၂၄
မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူတွေကို ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်ရက် စက်မှုတွေ ကိုရပ်တန့်ဖို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂအဆင့်မြင့် ကိုယ်စားလှယ်တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန် နိုင်ငံခြား ရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့ဟာ အီတလီနိုင်ငံမှာ နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်မှာ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။
မတရား ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ပဋိပက္ခနဲ့ သက်ဆိုင်သူအားလုံး အမှန်တကယ်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် 2669 (2022) ကို အကြွင်းမဲ့ အပြည့်အဝအကောင်အထည်ဖော်ဖို့ နဲ့ အရပ်သားတွေကို ကာကွယ်ဖို့တောင်းဆိုထားပါတယ်။
လူသားချင်း စာနာထောက်ထားမှုအကူအညီပေးမယ့်အဖွဲ့အစည်းတွေကို နယ်မြေဒေသမရွေး သွားလာခွင့်ကို ခွင့်ပြုပေးဖို့ကိုလည်း ပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို G7 က တောင်းဆိုလိုက်ပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက်အတိုင်းအကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့တိုက် တွန်းပြီး မြန်မာ့အရေးအတွက် ကုလအတွင်းရေးမှုးချုပ် အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းအားထုတ် မှုတွေကိုလည်း ထောက်ခံတယ်လို့ G7 နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်း၊ လူသားချင်းစာနာမှုအကူအညီအဖွဲ့အစည်းတွေကို သွားလာခွင့် ကန့်သတ်မှုကို ရပ်တန့်ပြီး နှင့် IIMM ရဲ့ မြန်မာ့အရေးစုံစမ်းတဲ့အဖွဲ့တွေကို အပြည့်အ၀ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့ ပြောဆိုပါတယ်။
လေယာဉ်လောင်စာဆီအပါအဝင် လက်နက်ပစ္စည်းတွေ မြန်မာစစ်တပ်ကို လက်လွှဲရောင်းချခြင်းမပြုဖို့လည်း သတိပေးထားပါတယ်။ မြန်မာလူမျိုးတွေရဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်လိုမှုတွေကို အမှန်တကယ်အသိအမှတ်ပြုပြီး အိုးအိမ်မဲ့ ရိုဟင်ဂျာအပါအဝင် တခြား ဒုက္ခသည်တွေကိုဘေးကင်းစွာ ပြန်လာဖို့ အခြေအနေတွေ ဖန်တီးဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ပုံစာ – G7 အစည်းအဝေးမှ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ
Photo – အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန