၁၄ နိုဝင်ဘာ၊ ၂၀၂၄
စစ်ကောင်စီက နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သူရဲ့ ရှေ့နေအဖွဲ့က စစ်ကောင်စီကို တရားဝင်တင်ပြတောင်းဆိုထားပေမဲ့ တွေ့ဆုံခွင့်မပေးသေးဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ် အမွေဆိုင်အမှုကိစ္စအတွက် နိုဝင်ဘာလ ၁၃ ရက်က ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က တင်ပြဖို့ရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတဲ့အတွက် ရုံးချိန်းကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ရတယ်လို့ ရန်ကုန်တိုင်း၊ ကမာရွတ်ခရိုင် တရားရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
အမှတ် ၅၄ ခြံ အမွေဆိုင်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံပြီး ညွှန်ကြားချက်ရယူဖို့ အောက်တိုဘာလ ၂၈ ရက်က စစ်ကောင်စီရဲ့ ခွင့်ပြုချက်ပေးနိုင်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သူမရဲ့ ရှေ့နေအဖွဲ့က တရားဝင်တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရတဲ့အတွက် ရှေ့နေတွေရဲ့တောင်းဆိုမှုအရ ကမာရွတ်ခရိုင်တရားရုံးက ရုံးချိန်းကို နိုဝင်ဘာလ ၂၁ ရက်ကို ရွှေ့ဆိုင်းပေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမိန့်တွေအတွက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရပါတယ်။
ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကိုလည်း ပြည်တွင်း၊ ပြည်ပမီဒီယာတွေနဲ့ ဆက်သွယ် စကားပြောဆိုခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး အကြိမ်ကြိမ် စာနဲ့ တင်ပြတောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက တစ်ကြိမ်တစ်ခါမှ အကြောင်းပြန်ခြင်းမရှိခဲ့ဘူးလို့လည်း သူမရဲ့ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူအပါအဝင် ရှေ့နေအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့နိုင်ငံတကာခေါင်းဆောင်တွေက တွေ့ခွင့်တောင်းဆိုပေမယ့် ဒီနှစ်နှစ်နီးပါးလုံး စစ်ကောင်စီက လိုက်လျောခြင်းလုံးဝမရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် လက်ရှိ ထောင် (၂၇) နှစ် ဆက်လက် ကျခံနေရတာဖြစ်ပါတယ်။
Photo – NLD