၂၆ ဒီဇင်ဘာ၊ ၂၀၂၄
လူကုန်ကူးမှုနဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ အန္တရာယ်ကြောင့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ လာအိုတို့ကို ခရီးသွားလာခြင်းမပြုဖို့ နီပေါအစိုးရက ဒီဇင်ဘာ ၂၄ ရက်က သတိပေးပါတယ်။
နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံသားတွေကို ပြည်ပအလုပ်ခေါ်စာတွေနဲ့ မက်လုံးတွေကို မယုံဖို့နဲ့ လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံတွေမှာနီပေါနိုင်ငံသားတွေ လူကုန်ကူးခံနေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ လူကုန်ကူးခံရပြီး တရားမဝင်လုပ်ငန်းတွေမှာ ခိုင်းစေခံနေရကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဆိုင်ရာနီပေါသံရုံးက မြန်မာနိုင်ငံဘက်က မြဝတီဘက်ကမ်းမှာ ပိတ်လှောင်ခိုင်းစေခံထားရတဲ့ နီပေါနိုင်ငံသား ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ အမျိုးသား ၄ ဦးက ဒီဇင်ဘာ ၁၇ မှာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေကြောင့် ပြန်လွတ်လာပြီး ဒီဇင်ဘာ ၂၄ မှာ အမျိုးသမီးတစ်ဦးက နီပေါကို တစ်ဦးထဲ ပြန်လာခဲ့တာ ဖြစ်ပါတယ်။
နီပေါအစိုးရက သတိပေးခြင်းမထုတ်ပြန်ခင်မှာ နီပေါနိုင်ငံသားတွေအနေနဲ့ ပတ်စ်ပို့စာအုပ်တွေ သိမ်းခံထားရတဲ့အပြင် ရက်စက်စွာ ညှင်းဆဲနှိပ်စက်ခံရခြင်း၊ အလုပ်ချိန်များပြားခြင်း၊ လစာမပေးခြင်းနဲ့ တခါတလေ ရိုက်နှက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီဒုစရိုက်ကွန်ယက်ဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာထိ ကျယ်ပြန့်ပြီး နီပေါနိုင်ငံသားတွေကို အလုပ်အကိုင်ကောင်းလစာကောင်းနဲ့ ကမ်းလှမ်းပြီး လူကုန်ကူးကြတယ်လို့ သိရပါတယ်။
နီပေါအစိုးရက ဆိုရှယ်မီဒီယာတွေက အလုပ်ခေါ်တာကို မယုံဖို့နဲ့ ပြည်ပက အလုပ်ကမ်းလှမ်းရင် သက်ဆိုင်ရာနိုင်ငံသံရုံးနဲ့ တရားဝင်လမ်းကြောင်းတွေက စုံစမ်းစစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။။
Ref : The Kathmandu Post
Photo – The Kathmandu Post